နိုင်ငံတော်စွမ်းအင်ကဏ္ဍဖူလုံရေးအတွက် နှစ်ပေါင်းများစွာ ရပ်နားခဲ့သော အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန် နစက ပြင်ဆင်
ကျော် (NSS) - ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)အား အမြန်ဆုံးအကောင်အထည်ဖော်ရန် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌက ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်)တွင် သန်လျင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၏ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းပါကကုန်ကျမည့် ကုန်ကျစရိတ် နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်း အားပြည့်ဖြင့် ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကိုထုတ်လုပ်ပါက ကုန်ကျနိုင်မည့်ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစားဆောင် ရွက်သွားရမည်ဟု ၎င်းကပြောသည်။
"အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အရင်အခြေအနေအတိုင်း ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ဖို့ ကနဦးဆောင်ရွက်ရပါမယ်။ နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မယ့် အခြေအနေတွေကိုဆက်လုပ်ရပါမယ်"ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ပြင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သည် ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ကာ အကျိုးရှိသည့်လုပ်ငန်းတစ်ခုဖြစ်၍ အမြန်ဆုံးအောင်မြင်အောင်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)တွင် ယခင်က ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊ လေယာဉ် ဆီ၊ ဓာတ်ပျံဆီတို့ကို ထုတ်လုပ်ခဲ့သော် လည်း နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ သုံးသပ်ဆောင် ရွက်နိုင်ရေးအတွက် ၂ဝ၁၇ ခုနှစ်မှစ၍ စက်ရုံလည်ပတ်မှုမရှိဘဲ ရပ်တန့်ထားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ရေနံချက်စက်ရုံများအား အမြန်ဆုံးပြန်လည် လည်ပတ် ၍ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အားတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ စက်သုံးဆီလိုအပ်ချက်များရှိနေသဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူရမှုများရှိနေဆဲဖြစ်ပြီး စက်သုံးဆီစျေးနှုန်းသည်လည်း စျေးနှုန်းအမြင့်ပိုင်းတွင်ရှိနေသည်။
ထိုသို့ တန်းစီဝယ်ယူနေမှုများလျော့နည်းစေရန် စက်သုံးဆီများရောက်ရှိလာပါက ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဦးစားပေးဖြည့်တင်းပေးလျက်ရှိ ကြောင်း သိရသည်။
နိုင်ငံပိုင်ရေနံချက် စက်ရုံများ၏ ရေနံထွက်ပစ္စည်းများ ထုတ် လုပ် မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃) ရာခိုင်နှုန်းခန့်သာ ရှိကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းအချက်အလက် များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေ့ပြောင်းသွားလာမှုအတွက်ဘေးကင်းလုံခြုံတဲ့ စီမံခန့်ခွဲမှုတွေ အရေးတကြီးလိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ