“နေတိုးအဖွဲ့ဝင် နိုင်ငံတွေ အငြင်းပွားကြပြီ။ အမေရိကန်- နေတိုးကနေနှုတ်ထွက်ဖို့ ဟန်ဂေရီတောင်းဆို” (ဘာသာပြန်ဆောင်းပါး)
ရဲထွန်း (သီပေါ) (NP News) - မတ် ၁၄
စစ်အေးတိုက်ပွဲကာလ ကုန်ဆုံးသွားပြီးနောက်မှာ အမေရိကန်ဟာ တစ်ခုတည်းသော ကမ္ဘာ့စူပါ ပါဝါဖြစ်လာပြီး စစ်အေးတိုက်ပွဲကာလက ပေါ်ထွက်လာခဲ့တဲ့ နေတိုးအဖွဲ့ကို ဖျက်သိမ်းမပစ်ဘဲ ကမ္ဘာကိုဆက်လက်ဗိုလ်ကျ လွှမ်းမိုးဖို့အတွက် စစ်ရေးအသုံးချကိရိယာတစ်ခုအနေနဲ့ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ အမေရိကန်ရဲ့ ပြိုင် ဘက် ဆိုဗီယက်ယူနီယံကတော့ သူကိုယ်တိုင်လည်းပြိုကျသွားပြီး နေတိုးနဲ့ အပြိုင်ပေါ်ခဲ့တဲ့ ဝါဆော စစ်စာချုပ် အဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
အဲဒီစစ်အေးကာလနောက်ပိုင်းနှစ်တွေမှာ ကမ္ဘာ့နေရာဒေသအချို့မှာဖြစ်ခဲ့တဲ့ ဒေသတွင်းပဋိပက္ခတွေမှာ နေတိုးအဖွဲ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာတွေလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုဖျက်ဆီးခဲ့ပါတယ်။ အခု လည်း ရုရှား-ယူကရိန်း ပဋိပက္ခ ပေါက်ကွဲလာတဲ့အခါ အမေရိကန်က နေတိုးအဖွဲ့ကတဆင့် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ အမေရိကန်နိုင်ငံရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ မဟာမိတ် နိုင်ငံများကို ချနင်းမှုတွေကြောင့် ဥရောပနိုင်ငံတွေအတွင်းမှာ မကျေနပ်မှုတွေ များပြားလာပြီး နေတိုးအဖွဲ့ အတွင်းမှာ ပဋိပက္ခတွေကြီးထွားလာပါတယ်။
အားလုံးသိကြတဲ့အတိုင်းဘဲ၊ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်လာတော့ အမေရိကန်က ရုရှားကို မကျေနပ်ပါဘူး။ ဒါကြောင့် နေတိုးကို ဦးဆောင်ပြီး ယူကရိန်းနဲ့အတူရပ်တည်ကာ ရုရှားကိုဆန့်ကျင်ဖို့နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို စစ်ရေးလက်နက် ခဲယမ်းမီးကျောက်တွေထောက်ပံ့ဖို့ အမေရိကန်က တက်တက်ကြွကြွ တိုက်တွန်းနေပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ အားပျော့တဲ့နိုင်ငံတစ်ခုဖြစ်သွားလိမ့်မယ်လို့ အမေရိကန်က တွက်ပါ တယ်။ ဒါကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ ဒီစစ်ပွဲကျယ်ပြန့်လာရင် သူတို့ကိုလည်းထိခိုက်လာနိုင်တဲ့ ဘေးကြပ် နံကြပ်အခြေအနေမျိုးရှိတာကို သိလျက်နဲ့ မသိကျိုးကျွန်ပြုပြီး ယူကရိန်းကို စစ်ရေးအရထောက်ပံ့ကူညီဖို့ အမေရိ ကန်က အဲဒီနိုင်ငံတွေကို ဖိအားတွေပေးပါတယ်။
ဒီလို လုပ်တာဟာ နေတိုးရော အမေရိကန်ပါ အမှားလုပ်တာဘဲလို့ ဥရောပခေါင်းဆောင်တစ်ချို့က ယူဆလာ ကြပါတယ်။ ဥပမာအားဖြင့် မကြာသေးခင်က ဟန်ဂေရီဝန်ကြီးချုပ် အောဘန်းက ‘ဥရောပအနေနဲ့ ယူကရိန်းကို ထောက်ပံ့ကူညီတာဟာ မဟာဗျူဟာအမှားဘဲ’လို့ ဗြောင်ပြောလာပြီး ဟန်ဂေရီအနေနဲ့ ယူကရိန်းကို စစ်လက် နက်ပစ္စည်း ထောက်ပံ့ကူညီမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဟန်ဂေရီက အဲသလို နေတိုးနဲ့ ဆန့်ကျင်ဘက်ဖြစ် နေစဉ်မှာ ပြင်သစ်နဲ့ တခြားဥရောပနိုင်ငံတွေမှာလည်း နေတိုးအဖွဲ့ကို မကျေမနပ်ဖြစ်လာနေကြပါတယ်။
မကြာသေးခင်က ပြင်သစ်နိုင်ငံမှာ ကြီးမားတဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုပေါ်ထွက်လာပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေပေးပို့တာကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေကိုသာမက နေတိုးအဖွဲ့က နှုတ်ထွက်ဖို့ကို ပါကြွေးကြော်လာကြပါတယ်။ နေတိုးအဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး တကိုယ်ကောင်းဆန်စွာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ နော့ဒ်စထရင်းပိုက်လိုင်းဖေါက်ခွဲဖျက်ဆီးမှုကို မကြာသေးခင်က အမေရိကန် သတင်းထောက် ဆီမောဟက်ရှ်က ဖေါ်ထုတ်ရေးသားလိုက်ပါတယ်။ ဒီကိစ္စဟာ နေတိုးအဖွဲ့အတွင်း အက်ကွဲ ကြောင်းဖြစ်စေတဲ့ အချက်တွေထဲက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ရုရှားကနေ ဂျာမနီကို သွယ်တန်းထားတဲ့ နော့ဒ်စထရင်း ၁ နဲ့ နော့ဒ်စထရင်း ၂ ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ ဂျာမနီကိုသာမက၊ အခြားဥရောပနိုင်ငံတွေကိုပါ ဈေးပေါတဲ့ ရုရှားဓာတ်ငွေ့ကို ထောက်ပံ့ပေးနေတာပါ။ ဒီပိုက်လိုင်းတွေကို ဖေါက်ခွဲဖျက်ဆီးပစ်ဖို့ ဂျာမနီကို အသိမပေးဘဲ အမေရိကန်သမ္မတဘိုင်ဒန်က လုပ်ဆောင်ခဲ့တာကို ဒီနှစ်ဖေဖော်ဝါရီလ ဆန်းပိုင်းက သတင်းထောက် ဆီမော ဟက်ရှ်က ရေးသားခဲ့ပါတယ်။ ဥရောပက သဘာဝဓာတ်ငွေ့ရရှိရေးမှာ ရုရှားအပေါ်မှီခိုနေရမှုကို တစ်ခန်း ရပ်ပြီး ယူကရိန်းကို ကူညီရေးမှာ တစည်းတလုံးထဲဖြစ်လာစေချင်တာကြောင့် အမေရိကန်က ဒီလိုလုပ်ခဲ့တာ ဖြစ်ပေမဲ့၊ နေတိုးအဖွဲ့အတွင်း ဒီကိစ္စကြောင့် ပိုမိုအကွဲအပြဲဖြစ်လာနေတယ်လို့ ဟက်ရှ်က သုံးသပ်ပါတယ်။
နော့ဒ်စထရင်းပိုက်လိုင်း ဖေါက်ခွဲတဲ့ ကိစ္စပေါ်လာပြီးတဲ့နောက်မှာ အမေရိကန်က နေတိုးအဖွဲ့အတွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ယူကရိန်းကိုကူညီကြဖို့ ဆော်ဩနေပေမဲ့၊ အခုက နေတိုးအဖွဲ့က ဘယ်သူ အရင်ထွက်မှာလဲဆိုတဲ့ ပြဿနာဖြစ်လာနေတယ်လို့ ဟက်ရှ်က ဆိုပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ကတော့ အဲဒီလိုဖြစ်လာ လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ နေတိုးအဖွဲ့ထဲက အရေးပါတဲ့နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ ကြီးမားတဲ့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်နေပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တာရပ်တန့်ဖို့ နဲ့ ရုရှား-ယူကရိန်း စစ်ပြေငြိမ်းချမ်းရေးဆွေးနွေးဖို့ အားပေးပါဆိုတဲ့ အစိုးရကို တောင်းဆိုတဲ့ ပိုစတာတွေ ပလူပျံနေတယ်လို့ သတင်းတွေကဆိုပါတယ်။ ပြင်သစ် ဆန္ဒပြသမားတွေက နေတိုးနဲ့ အီးယူကနေ နှုတ်ထွက်ဖို့ တောင်းဆိုကြပြီး၊ ဂျာမနီ ဆန္ဒပြသူတွေကတော့ အမေရိကန်တပ်ဖွဲ့တွေကို ဂျာမနီကနေ မောင်းထုတ်ဖို့ တောင်းဆိုကြတဲ့အပြင် တချို့က ဆိုဗီယက်အလံတွေကိုတောင် ဝှေ့ယမ်း ဆန္ဒပြကြတယ်လို့ ဆိုပါတယ်။
ယူကရိန်းကို ထောက်ပံ့ကူညီဖို့ကိစ္စမှာ အနောက်တိုင်းနိုင်ငံတွေဟာ တစိတ်တဝမ်းထဲရှိနေကြတာမဟုတ်ပါ။ အမေရိကန်၊ ဗြိတိန်နဲ့ ပိုလန် နိုင်ငံတွေကသာ တက်ကြွနေကြတာဖြစ်ပါတယ်။ ယူကရိန်းကို တင့်ကားတွေပေးပို့ဖို့ တွန့်ဆုတ်နေတဲ့ ဂျာမနီလိုနိုင်ငံတွေကိုတော့ အမေရိကန်က ဖိအားပေးနေပါတယ်။ အမေရိကန်မှာလည်း အတိုက် အခံ ရီပတ်ဘလီကန်ပါတီ အမတ်တွေက အခွန်ထမ်းပြည်သူတွေရဲ့ငွေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့နေတာကို မိမိနိုင်ငံရဲ့ အရန်လက်နက် ခဲယမ်းတွေ မကုန်ခမ်းမီ၊ ရပ်တန်းကရပ်ဖို့ ဘိုင်ဒန်ကို လွှတ်တော်မှာ စွပ်စွဲပစ်တင်ဖို့ ဆော်ဩနေကြပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ဘိုင်ဒန်ကတော့ ဥရောပကိုသွားပြီး ယူကရိန်းနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ကြောင်းပြသဖို့နဲ့ ယူကရိန်းကို အမေရိကန်နဲ့အတူ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ကူညီကြဖို့၊ အမေရိကန်ရဲ့စကားကိုနားထောင်ကြဖို့ စည်းရုံးနေပါတယ်။ ဘိုင်ဒန်ဟာ ပိုလန်နိုင်ငံ ဝါဆောကိုသွားပြီး ရုရှားကို ဝေဖန်ရှုတ်ချရင်း ယူကရိန်းကို စည်းစည်း လုံးလုံးနဲ့ကူညီထောက်ပံ့ဖို့ မိနစ်နှစ်ဆယ်ကြာတဲ့ မိန့်ခွန်းတစ်ခုကို အားတက်သရော ပြောခဲ့ပါတယ်။ ဒီလို ပြောအပြီး ရက်အနည်းငယ်အကြာမှာဘဲ ဂျာမနီ၊ အီတလီနဲ့ ပြင်သစ် နိုင်ငံတွေမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပေါ် ထွက်လာပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့က ဆန္ဒပြပွဲတစ်ခုမှာ လူငါးသောင်းလောက်ပါဝင်ပြီး ရုရှားယူကရိန်း ပြဿနာကို ငြိမ်း ချမ်းစွာဖြေရှင်းဖို့နဲ့ ယူကရိန်းကို အနောက်က လက်နက်တွေထောက်ပံ့တာကို ဆန့်ကျင်ကြောင်း ကြွေးကြော်ကြပါ တယ်။ ဒါက ဘိုင်ဒန်ရဲ့ ပိုလန်နိုင်ငံမှာပြောတဲ့ မိန့်ခွန်းကို တုန့်ပြန်လိုက်တဲ့ ဂျာမန် လူထုရဲ့အသံဘဲဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲထဲက လူအုပ်စုတစ်စုဟာ ဂျာမနီနိုင်ငံ ရမ်းစတိုင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတခုဆီ ချီတက် သွားကြပြီး၊ ယူကရိန်းကို လက်နက်တင်ပို့နေတာကို ရပ်ဆိုင်းဖို့ ၊ အမေရိကန်တွေ အိမ်ပြန်ကြစတဲ့ စစ်ဆန့်ကျင် ရေးကြွေးကြော်သံတွေ ကြွေးကြော်တောင်းဆိုကြပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ကိစ္စဟာ နေတိုးအဖွဲ့အတွင်းရေးမှူးနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော့စတင်တို့ကြားမှာပါ ဆွေးနွေးညှိနှိုင်းစရာကိစ္စဖြစ်လာပါတယ်။ ယူကရိန်းကို အထိန်းအချုပ်မဲ့ ကူညီတာဟာ သူတို့ရဲ့ အရန်သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ တကယ်လိုအပ်ချိန်မတိုင်မီ ကုန်ခမ်းသွားစေနိုင်တဲ့ အန္တ ရာယ်ရှိတယ်လို့ နှစ်ဦးလုံးကသတိပေးပါတယ်။
ဂျာမနီမှာ ဆန္ဒပြတဲ့သူတွေဟာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုလွှာတစ်ခုမှာ လူပေါင်း ခြောက်သောင်း လောက် လက်မှတ်ရေးထိုးပြီး ကြေငြာချက်ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ယူကရိန်းကို လက်နက်တွေထောက်ပံ့ တာရပ်ဆိုင်းဖို့နဲ့ နျူကလီးယားစစ်ပွဲဖြစ်မဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ ပြီးခဲ့တဲ့ လက မြူးနစ်မြို့မှာ လူတသောင်းလောက်စုဝေးဆန္ဒပြတဲ့ပွဲမှာ “ ငါတို့ဟာ ငြိမ်းချမ်းရေးအတွက် ထမ်းရွက်မယ်” ၊ “ ငါတို့ ဟာ အမေရိကန်အတွက် မထမ်းရွက်ပါ” “ အမေရိကန်တပ်တွေ အိမ်ပြန်ကြ” စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။ ဂျာမနီမှာ ဆန္ဒပြကြတဲ့ တစ်ရက်ထဲမှာဘဲ အီတလီက ပြည်သူထောင်ပေါင်းများစွာဟာလည်း လမ်းတွေ ပေါ်ထွက်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ သူတို့က အီတလီအစိုးရဟာ ယူကရိန်းကို လက်နက်ခဲယမ်းတွေ ပေးပို့ခြင်းအားဖြင့် အမျိုးသားဥပဒေတွေကို ချိုးဖောက်နေတယ်၊ လက်နက်ပေးပို့တာတွေ အမြန်ရပ်ဆိုင်းပါလို့ ကြွေးကြော်ကြပါတယ်။ နောက်ပြီး ဂျီနိုဝါ မြို့မှာလည်း ဆွစ်ဇာလန်နဲ့ ပြင်သစ်နိုင်ငံသားတွေအပါအဝင် လူဦးရေ လေးထောင်ကျော်လောက်စုဝေးပြီး ဆန္ဒပြကြပါတယ်။
ဆန္ဒပြသူတွေထဲက တချို့က ရုရှား ယူကရိန်း ပဋိပက္ခဟာ လွန်ခဲ့တဲ့နှစ်ကမှစတင်တာမဟုတ်ဘဲ၊ ၂ဝ၁၄ ခုနှစ် အတွင်းမှာ ယူကရိန်းနိုင်ငံ ဒွန်းဘတ်စ်ဒေသက ရုရှားစကားပြော ပြည်သူလူထုတွေ အသတ်ခံရတာကစခဲ့တာလို့ ဆိုပါတယ်။ တချို့သူတွေကလည်း အီတလီအစိုးရဟာ အမျိုးသားဥပဒေပုဒ်မ ၁၈၅ အရ၊ စစ်ဖြစ်နေတဲ့ တိုင်းပြည် တစ်ခုကို လက်နက်ခဲယမ်းမီးကျောက်တင်ပို့တာ၊ တင်သွင်းတာနဲ့ ဖြတ်ကျော်ခွင့်မပြုလုပ်ရဆိုတဲ့ အချက်ကို ချိုးဖောက်တယ်လို့ပြောကာ ဆန့်ကျင်ကြွေးကြော်ကြပါတယ်။ အလားတူဘဲ မီလန်မြို့မှာလည်း လူဦးရေ ရာချီပြီး စုဝေးဆန္ဒပြကြပါတယ်။ ဒီလိုဥရောပမြို့ကြီးတွေမှာ တပြိုင်နက်ဆန္ဒပြကြတာဟာ မတော်တဆ တိုက် ဆိုင်မှုမဟုတ်ဘဲ ဝါဆောမှာပြောခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စစ်ပွဲအရှိန်မြှင့်ရေး ဆော်ဩချက်ကို ဆန့်ကျင်ကန့်ကွက်ကြတာဘဲဖြစ်ပါတယ်။
ဒေသခံပြည်သူလူထုတွေလိုဘဲ နေတိုးအဖွဲ့ဝင် တခြားနိုင်ငံတွေနဲ့ မတူဘဲ တူရကီနိုင်ငံက ဆွီဒင်နိုင်ငံ နေတိုး အဖွဲ့ဝင်မှာကို သဘောမတူပါဘူး။ ဟန်ဂေရီကလည်း ဖင်လန်နိုင်ငံနေတိုးအဖွဲ့ဝင်ရေးကြိုးပမ်းချက်ကို မထောက်ခံ ပါဘူး။
ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ကူညီပေးရေးကိစ္စမှာ နေတိုးအဖွဲ့ဝင် ဂရိနိုင်ငံက အမေရိကန် နဲ့ သဘောမတူပါဘူး။
ဒါ့ပြင် နော့ဒ်စထရင်းပိုက်လိုင်း ဖေါက်ခွဲလိုက်တဲ့ကိစ္စကြောင့် အမေရိကန်နဲ့ ဂျာမနီအကြားက ဆက်ဆံရေး ဟာ မယုံမကြည်ဖြစ်မှုတွေနဲ့ စတင်ပြောင်းလဲနေပါပြီ။
ဥရောပနိုင်ငံတွေအနေနဲ့ လုပ်သင့်တာက အမေရိကန်ပြောသမျှကို မျက်ကန်းတစ္ဆေမကြောက် မှားယွင်းတဲ့ လမ်းကို နက်နက်ရှိုင်းရှိုင်းလိုက်နေမဲ့ အစား၊ မိမိအရေးကို မိမိဖာသာ ဆုံးဖြတ်လုပ်ကိုင်သင့်ပါကြောင်း တင်ပြ လိုက်ရပါတယ်။
ကိုးကား- NATO 30 countries broke out infighting! Hungary openly asks the US to withdraw from NATO!
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်လာသည့် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မြို့နယ်(၂)ခုတွင် ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ