အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်လာသည့် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မြို့နယ်(၂)ခုတွင် ဖမ်းဆီးရမိ
Pearl (NP News) - မတ် ၁၄
နောင်ချိုမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ (၈)ရက်၊ ညနေ (၄)နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် သတင်းအရ အဆိုပါတိုးဂိတ်အနီး မန္တလေး-လားရှိုးကားလမ်းတွင် ကွတ်ခိုင်ဘက်မှ မန္တလေးဘက်သို့ ကိုခိုင်ထူးမောင်းနှင်သော WISH မော်တော်ယာဉ်နှင့် ကိုကောင်းစံမောင်းနှင်သော Crown မော် တော်ယာဉ်တို့အား ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထိုသို့ရှာဖွေခဲ့ရာ ယာဉ် (၂)စီး၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် သတင်းကွင်းဆက်အရ အဆိုပါနေ့ ညနေ (၄) နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ကိုစိုးနိုင်မောင်းနှင်သည့် IPSUM မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ ယာဉ်၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၁၁)သိန်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ညနေ (၅) နာရီအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုကျော်ဇင်ဝိုင်းနှင့် ညနေ (၆) နာရီခွဲအချိန် ကွတ်ခိုင်မြို့၊ နမ့်ခမ်း-မန်းကားဂိတ်မှူး မောင်စီချိုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့နယ်ရှိ PDF အဖွဲ့၏ ယာယီအခြေပြုစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု နစကထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း