လက်နက်တရားမဝင်ကုန်သွယ်မှုကို နိုင်ငံအချင်းချင်း သတင်းဖလှယ်၍ ဖော်ထုတ်ဖမ်းဆီးရန် ဒုတပ်ချုပ်တိုက်တွန်း
Pearl (NSS) - ဒီဇင်ဘာ ၁၅
လက်နက်တရားမဝင်ကုန်သွယ်မှုကို နိုင်ငံအချင်းချင်း သတင်းဖလှယ်၍ ဖော်ထုတ်ဖမ်းဆီးရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောကြားထားသည်။
၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်)တွင် နေပြည်တော်၌ ကျင်းပသော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထူးခြားဖြစ်စဉ်အနေဖြင့် ခဲသတ္တုများကို တရားမဝင်တူးဖော်ပြီး ပြည်ပတင်ပို့နေကြောင်း ဖော်ထုတ်ရရှိသည့်သတင်းအရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ခဲသတ္တုတန်ချိန် ၁၂၃ ဒသမ ၉၀၄ တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၇ ဘီလီယံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၄ ရက်တွင် စင်ကာပူနိုင်ငံမှလာသော လေယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်သုံးဦးကို သတင်းအရ စောင့်ကြည့် စိစစ်ရှာဖွေခဲ့ရာ ရွှေ ၁၆ ကီလိုဂရမ်၊ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ၊ iPhone ၂၅၉ လုံး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉၄၆ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံအကောက်ခွန်က မြန်မာအကောက်ခွန်ဌာနသို့ သတင်းပေးပို့မှုကြောင့် ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ထိုသို့ နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ်ဖမ်းဆီးမှုများဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းထားသည်။
အထူးသဖြင့် မူးယစ်ဆေးဝါး နှင့် လက်နက်များ တရားမဝင်ကုန်သွယ်မှုကို နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖ လှယ်၍ ဖော်ထုတ်ဖမ်းဆီးရန် ၎င်းကဆက်လက်ပြောသည်။
ဖြစ်စဉ်များအရ သတင်းရရှိမှုသည် အဓိကအရေးကြီး၍ သတင်း ပေးသူများကိုလည်း ဆုကြေးငွေချီးမြှင့်ပေးပြီး သတင်းကွန်ရက်တည်ဆောက်ရန် နှင့် ရရှိသည့်သတင်းများအရ တားဆီးစစ်ဆေး အရေးယူမှုများဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းထားသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေလျက်ရှိပြီး လက်နက်ခဲယမ်းများသည်လည်း နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေမှုများရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဇန်နဝါရီလမှစ၍ MDAC စနစ်ကို အွန်လိုင်းမှ မဖြစ်မနေဖြည့်သွင်းရမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း