စင်ကာပူရှိ မြန်မာသံရုံး၌ အခွန်ထမ်းဆောင်လိုသူများပြားလျက်ရှိသည့်အတွက် နေ့ချင်းပြီးမဆောင်ရွက်နိုင်သည့် အခက်အခဲများ ဖြစ်ပေါ်နေ
ယွန်း (NSS) - ဒီဇင်ဘာ ၁၃
စင်ကာပူရှိ မြန်မာသံရုံးတွင် အခွန်ထမ်းဆောင်လိုသူ များပြားလျက်ရှိသည့်အတွက် နေ့ချင်းပြီးမဆောင်ရွက်နိုင်သည့် အခက် အခဲများဖြစ်ပေါ်နေကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာလ(၁၁)ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)တွင် မြန်မာသံရုံး၌ အခွန်ထမ်းဆောင်လိုသော မြန်မာနိုင်ငံသား (၈၀၀)ခန့် လာရောက် အခွန်ထမ်းဆောင်မှုရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အခွန်ထမ်းဆောင်ရန် လာရောက်သူ များပြားသည့် အ တွက် သံရုံးအနေဖြင့် ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် အခက်အခဲများရှိခဲ့ပြီး အခွန်ထမ်းဆောင်ခွင့်မရပဲ လှည့်ပြန်ခဲ့ရသူများရှိကြောင်း သိရသည်။
“ပုံမှန်အချိန်မှာတောင် ခန့်မှန်း အယောက် (၁၀၀) ကျော် (၂၀၀)လောက်ကို စာရွက်စာတမ်း သက်တမ်းတိုးကိစ္စပဲလုပ်မယ်ဆိုရင်တောင် တစ်ရက်လောက်ကြာတယ်။ ဒါတောင်အခွန်ဆောင်တာမပါဘူး။ အခုလို အခွန်ဆောင်တဲ့လူတွေရော စုစုပေါင်း ခန့်မှန်း(၈၀၀)လောက်ဆိုရင်တော့ တစ်နေ့တည်းနဲ့ ပြီးနိုင်မယ်မထင်ဘူး။ ကျွန်တော်ဆိုရင် မနက်(၆)နာရီအရောက် စောစောသွားပြီးတန်းစီခဲ့တယ်။ ခန့်မှန်းလူဦးရေက (၈၀၀) လောက်ရှိမယ်။ လူဦးရေဒီလောက်များတဲ့အတွက် သံရုံးဝန်ထမ်း လူဦးရေနဲ့မျှတမှုမရှိနိုင်ဘူး။ ည(၉)နာရီကျော်လောက်အထိ စောင့်ပြီးလုပ်ကိုင်နေရတာတွေရှိတယ်။ တချို့ဆိုရင် အခွန်မထမ်းဆောင်ရပဲ ပြန်သွားတာတွေရှိတယ်” ဟု စင်ကာပူရောက် မြန်မာလုပ်သားတစ်ဦးက ပြောသည်။
ထို့ပြင် သံရုံးဝန်ထမ်းများအနေဖြင့် သံရုံးဖွင့်ချိန်သည် နံနက်(၈) နာရီအဖြစ်သတ်မှတ်ထားသော်လည်း (၉)နာရီခွဲအချိန်ခန့်မှသာ အလုပ်လာရောက်သော ဝန်ထမ်းများရှိနေကြောင်း ၎င်းကဆက် လက်ပြောသည်။
မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း ယနေ့နံနက်ပိုင်း၌ မနက်ဖြန်(ဒီဇင်ဘာလ ၁၄ ရက်)တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့်သူများကိုသာ ဦးစားပေးဆောင်ရွက်ပေးနိုင်မည်ဟု အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အခွန်များကောက်ခံမည့်နှုန်းထားများအား နေထိုင်ခွင့်အမျိုးအစားများအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် (၂) ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် Student Pass ကိုင်ဆောင်ထားသူများအား လက်ရှိကျောင်းတက်ရောက်နေသည့် ကျောင်းထောက်ခံ စာများတင်ပြကာ အခွန်ပေးဆောင်ခြင်းကို ကင်းလွတ်ခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ