လေဆင်နှာမောင်းဒဏ်ခံခဲ့ရသူများအတွက် အမေရိကန်ဒေါ်လာသန်းချီ လှူဒါန်းခဲ့သော ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်
Pika (NSS) - ဒီဇင်ဘာ ၁၂
ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်သည် ပြီးခဲ့သည့်ရက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုဒဏ်ခံခဲ့ရသော အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် နေထိုင်သူများကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အသက်(၃၃)နှစ်အရွယ် တေလာဆွစ်ဖ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ(၉)ရက်က တန်နက်စီပြည်နယ်တွင်းရှိ ကောင်တီအများအပြားကို လေဆင်နှာမောင်း အနည်းဆုံး(၁၃)ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁)သန်းကို ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တေလာဆွစ်ဖ်သည် တန်နက်စီပြည်နယ် အလယ်ပိုင်းအသိုင်းအဝိုင်းဖောင်ဒေးရှင်းတစ်ခုရှိ တန်နက်စီပြည်နယ်အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေအဖွဲ့ကို ရန်ပုံငွေများထောက်ပံ့ခဲ့ကြောင်း USA Today သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ကမ္ဘာကျော်အဆိုတော် ဂရမ်မီဆုရှင်တေလာဆွစ်ဖ်သည် အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်းခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ စီအီးအို ဟယ်လ်ကာတိုက အတည်ပြုခဲ့သည်။ တေလာဆွစ်ဖ်၏ လှူဒါန်းမှုများကို လေဆင် နှာမောင်းဒဏ်ခံခဲ့ရသူများအတွက် ငွေကြေးအကူအညီ၊ စားနပ်ရိက္ခာ၊ ယာယီတဲများ၊ အပျက်အစီးများ ရှင်းလင်းရန် နှင့် တိရစ္ဆာန်များ ထိန်းသိမ်းရာ ယာယီအဆောက်အဦးများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဟယ်လ်ကာတို က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက တန်နက်စီပြည်နယ်ကို လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ(၆)ဦး သေဆုံးခဲ့ပြီး အခြားလူ(၅ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အဆောက်အဦး ပျက်စီးမှုများရှိခဲ့ပြီး လူပေါင်း(၃၅ဝဝဝ)ကျော် လျှပ်စစ်မီးပြတ်တောက်မှုများ နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့အပြင် တေလာဆွစ်ဖ်သည် အခြားသူများ ပါဝင်ကူညီနိုင်ရန်အတွက် လင့်ခ်တစ်ခုနှင့်အတူ ပို့စ်တစ်ခုကို အင်စတာဂရမ်ပေါ်သို့ တင်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါပို့စ်တွင် "Nashville မြို့ဟာ ကျွန်မရဲ့အိမ်ပါပဲ။ ပြီးတော့ လေဆင်နှာမောင်းတွေ တိုက်ခတ်မှုကြောင့် လူအများအပြားဟာ သူတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ကျွန်မအတွက် တကယ်ကို စိတ်မကောင်းစရာပါ" ဟု ရေးသားထားသည်။
တေလာဆွစ်ဖ်သည် ဆယ်ကျော်သက်အရွယ်တွင် Sumner ကောင်တီရှိ Hendersonville အထက်တန်းကျောင်း တွင် တက်ရောက်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။ တေလာဆွစ်ဖ်သည် လက်ရှိအချိန်အထိ Nashville မြို့တွင် နေထိုင်နေဆဲဖြစ်ပြီး၊ အဆိုပါမြို့တွင် ၎င်း၏ ရုံးများလည်း ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသော နိုင်ငံသားကုမ္ပဏီများကို မကြာမီစိစစ်ရွေးချယ်မည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ