ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုနေသော စစ်မှုရေးရာတော်လှန်ပြောင်းလဲမှုနည်းပညာများ နှင့် AI အခန်းကဏ္ဍကို လေ့လာရန် တပ်ချုပ် တိုက်တွန်း
မြူနစ် (NSS) - ဒီဇင်ဘာ ၁၂
ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုနေသော စစ်မှုရေးရာတော်လှန်ပြောင်းလဲမှုနည်းပညာများ နှင့် ဉာဏ်ရည်တုနည်းပညာ (AI) အခန်းကဏ္ဍကို လေ့လာရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသော ဗိုလ် လောင်းသင်တန်းအမှတ်(၂၅)သင်တန်း ဆင်းပွဲတွင် အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲဆိုင်ရာအယူအဆများ၊ ပုံသဏ္ဍာန်များ၊ စစ်လက်နက်အသစ်အဆန်းများနှင့် စစ်ဘက်နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်မပြတ်လေ့လာနေရန် လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။
ထို့ပြင် အင်အားကြီးနိုင်ငံအုပ်စုများသည် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ်တွင် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ သြဇာခံအဖြစ် ထားရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဍာန်များကိုလည်း သိရှိနားလည်ထားရန်လိုအပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ထပ်မံတိုက်တွန်းထားသည်။
ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို လေ့လာကြည့်ပါက အင်အားကြီးနိုင်ငံများသည် နောက်ကွယ်မှတစ်ဆင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချီရေး၊ သံတမန်ရေးစသည့်နည်းလမ်းများဖြင့် ဘက်စုံစစ်ပွဲအသွင်ဖော်ဆောင်ကာ လုပ်ဆောင်နေကြောင်း မြန်မာ့တပ်မတော်က ဆိုသည်။
လက်ရှိတွင် ခေတ်သစ်စစ်ပွဲများ၌ လူသားများ၏ ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာအဆင့်မှ AI (Artificial Intelligence) ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာ အသုံးပြုကွပ်ကဲထိန်းချုပ်မှုနည်းပညာအဆင့်အထိ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရကြောင်းလည်း တပ်ချုပ်က ဆိုသည်။
ထို့ကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မှုရေးရာတော်လှန်ပြောင်းလဲမှုနည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ (AI)အခန်းကဏ္ဍကိုလည်း စဉ်ဆက်မပြတ်လေ့လာသင်ယူရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းတိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက အားပေးထောက်ခံနေမှုများရှိကြောင်း နစကဘက်က ရှု့မြင်ထားသည်။
ထို့ပြင် အမေရိကန်နိုင်ငံသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်များကို ကူညီပေးလျက်ရှိပြီး မြန်မာနိုင်ငံအပေါ် ရန်သူသဖွယ်သဘောထားနေကြောင်းလည်း တပ်ချုပ်က ဖွင့်ဟပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ယာဉ်များတွင် QR Code စနစ်ဖြင့် ယာဉ်စီးခများ ပေးချေနိုင်ရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ