တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပြီးနောက် တရုတ်သံတမန်ကို ဖိလစ်ပိုင်အစိုးရ ဆင့်ခေါ်
Pika (NSS) - ဒီဇင်ဘာ ၁၁
တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောတို့ကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရသည် တရုတ်သံတမန်ကို ဆင့်ခေါ်လိုက်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၁၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဒီဇင်ဘာလ(၉)ရက် နှင့် (၁ဝ)ရက်တို့က Scarborough Shoal နှင့် Second Thomas Shoal ကျွန်းတို့သို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်နေသော ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်သင်္ဘောများက မီးသတ်ပိုက်ဖြင့် ထိုးနေသည်ကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည့်ဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။
ထို့အပြင် Second Thomas Shoal ကျွန်းအနီးတွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်အတွက် နှစ်ဖက်စလုံးက အပြန်အလှန်ပြစ်တင်ဝေဖန်ပြောဆိုခဲ့ကြကြောင်းလည်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံခြာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Teresita Daza က "ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံတမန်ရေးအရ ကန့်ကွက်ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ပြီး တရုတ်သံတမန်ကိုလည်း ဆင့်ခေါ်ထားပါတယ်" ဟု ပြောခဲ့သည်။ ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်သင်္ဘောများက မီးသတ်ပိုက်ဖြင့် ထိုးခြင်းသည် တရုတ်၏ နည်းဗျူဟာများ ပိုမိုပြင်းထန်စွာတိုးမြင့်လာသည်ကို ပြသနေခြင်းမျိုးဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေး ကောင်စီ၏ လက်ထောက်ညွှန်ကြားရေးမှူးဂျွန်နသန်မာလာယာ က ပြောကြားခဲ့သည်။
ထို့အပြင် Scarborough Shoal နှင့် Second Thomas Shoal ကျွန်းတို့သည် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ် နှင့် ဖိလစ်ပိုင်တို့၏ သင်္ဘောများကြား အပြင်းထန်ဆုံးထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့သည့်နေရာများဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ရေကြောင်းရေးရာ နှင့် ပင်လယ်ဥပဒေဆိုင်ရာတက္ကသိုလ်မှ ဒါရိုက်တာ Jay Batongbacal က "ဒီလိုမျိုးကိစ္စတွေဟာ မကြာခဏဆက်တိုက်ဖြစ်လာတော့မယ်လို့ ကျွန်တော် ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ဟာ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေ ထူထောင်ဖို့အခွင့်အရေးကို အသုံးပြုသင့်ပါပြီ။ ပြီးတော့ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေနဲ့အရင်းအမြစ်တွေကို ဆုံးရှုံးရတော့မှာကို ရှင်းရှင်းလင်းလင်းသိထားတာမလို့ အဆိုးဆုံးအရာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့တော်ကိဗ်ယက်ကို ပစ်မှတ်ထားတိုက်ခိုက်သည့် ရုရှား၏ဒုံးကျည်များကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ