စင်ကာပူရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ထမ်းဆောင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးအသိပေး
ယွန်း (NSS) - ဒီဇင်ဘာ ၁၁
စင်ကာပူရောက် မြန်မာနိုင်ငံသားများအား ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
စင်ကာပူရှိ မြန်မာသံရုံးမှ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ပတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများအား ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်မှစ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါကြေညာချက်အရ စင်ကာပူနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ(၁၂)ရက်မှစ၍ ဝင်ငွေခွန်ပေးဆောင်ရန် စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း နှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အခွန်များကောက်ခံမည့် လစဥ်နှုန်းထားများအား နေထိုင်ခွင့်အမျိုးအစားများအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် (၂)ရာခိုင်နှုန်း အခွန် ပေးဆောင်ရန် သံရုံးမှဆိုထားသည်။
Student Pass ကိုင်ဆောင်ထားသူများသည် လက်ရှိကျောင်းတက်ရောက်နေသည့် ကျောင်းထောက်ခံစာများတင်ပြကာ ဝင်ငွေခွန်ပေးဆောင်ခြင်းကို ကင်းလွတ်ခွင့်ရရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မည့်သူများအနေဖြင့် စင်ကာပူမြို့၊ မြန်မာသံရုံး၌ လစာဝင်ငွေအပေါ် ဝင်ငွေခွန်များထမ်းဆောင်ပြီးကြောင်း ထောက်ခံစာကို လာရောက်ယူဆောင်ရန် လိုအပ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသာများအနက် Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်း ထမ်းဆောင်ရန် ပေကျင်းမြို့ရှိ မြန်မာသံရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ယာဉ်များတွင် QR Code စနစ်ဖြင့် ယာဉ်စီးခများ ပေးချေနိုင်ရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ