ကိုးကန့်ဥက္ကဋ္ဌဟောင်း နှင့် လွှတ်တော်အမတ်ဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် (၁၀)ဦးကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်
မြူနစ် (NSS) - ဒီဇင်ဘာ ၁၁
ကိုးကန့်ဥက္ကဋ္ဌဟောင်း နှင့် လွှတ်တော်အမတ်ဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် (၁၀)ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းအမိန့် ထုတ်ပြန်ကြေညာလိုက်သည်။
တရုတ်နိုင်ငံ၊ လျောင်နင်ပြည်နယ် နှင့် ဖူကျင့်ပြည်နယ်ရှိ ရဲဌာနများက ယမန်နေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် ဦးပယ်ဆောက်ချိန် အပါအဝင် (၁၀)ဦးကို အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သည့် အဓိက ခေါင်းဆောင်များအဖြစ် စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဦးပယ်ဆောက်ချိန်သည် မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသူဖြစ်သကဲ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်းဖြစ် သည်။
ဦးပယ်ဆောက်ချိန်နှင့်အတူ မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ပြည်သူ့စစ်တပ်ဖွဲ့ တပ်ဖွဲ့မှူး၊ စီးပွားရေးစီမံအုပ် ချုပ်ရေးဌာန ဒုဌာနမှူး တရုတ်နိုင်ငံသားအဖြစ် ခံယူထားသူ ပယ်ရင်ချန်၊ ရှင်ပိုင်လိအုပ်စုဥက္ကဋ္ဌ ပယ်ရင့်လန်တို့ကိုလည်း တရုတ်က ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထို့အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဝေဟွိုင်ရင်၊ ဟိန်ရိအုပ်စုဥက္ကဋ္ဌ တရုတ်နိုင်ငံသား ဝေယွန်းနှင့် ၁၀၀၆ နယ်ခြားစောင့်တပ်ကြီးကြပ်ရေးကော်မတီဝင် ဝေချင်းဆုန်တို့ကိုလည်း တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည်။
ဆက်လက်ပြီး တရုတ်ရဲတပ်ဖွဲ့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံအုပ်ချုပ်ရေးဌာနမှူး၊ ဖူလိလိုင်အုပ်စုဥက္ကဋ္ဌဖြစ်သူ လျိုကျင့်ရှန်၊ ဖူလိလိုင်အုပ်စု CEO တရုတ်နိုင်ငံသားဖြစ်သူ လျိုကျီကွမ်နှင့် ဖူလိလိုင်အုပ်စု အထွေထွေမန်နေဂျာ လျိုကျင့်မောင်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။
ထို့ပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီရှမ်းမြို့နယ်၊ ကျာဇီရှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ တရုတ်နိုင်ငံသား ရွှီလောက်ဖာကိုလည်း တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည်။
ဦးပယ်ဆောက်ချိန်အပါအဝင် (၁၀)ဦးအား ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးသူအား ယွမ် (၁)သိန်းမှ (၅)သိန်းအထိ ပေး အပ်သွားမည်ဖြစ်ကြောင်းလည်း တရုတ်ရဲတပ်ဖွဲ့က ဆိုသည်။
“အခုလို ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပယ်မိသားစု၊ လျိုမိသားစု၊ ဝေမိသားစုဆိုတာ ကိုးကန့်ဒေသမှာ သြဇာအာဏာရှိတယ်။ ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိတယ်။ အရင်ကာလတုန်းကလည်း တရုတ်ဘက်က မျှားခေါ်တာခံရပြီးတော့ အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ်။ သူတို့လုပ်ကိုင်နေတာတွေက တော်တော်လေးတော့ ရှုပ်ထွေးတယ်။ အပြင်လူနားလည်ဖို့ ခက်တယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ပြီးခဲ့သော ကာလများအတွင်း၌ ကိုးကန့်ဒေသရှိ မြီမိသားစုမှ မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခ) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ကို တရုတ်နှင့်မြန်မာအစိုးရဘက်က ဖမ်းဝရမ်း ထုတ်ခဲ့ဖူးပြီး သွားရောက်ဖမ်းဆီးစဉ်အချိန်တွင် လွှတ်တော် အမတ်ဟောင်းဖြစ်ခဲ့ဖူးသော မြီရှောက်ချန်းသည် မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီတန်ဖိုးရှိ တင့်ကားကျည်ဆံများရောင်းချပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း