ဝိုင်းမော်မြို့နယ်တွင် USDP ပါတီ၏ မြို့နယ်ကော်မတီဝင် (ဟောင်း)တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
ကျော် (NSS) - ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ မြို့နယ်ကော်မတီဝင်(ဟောင်း) တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)၊ နေ့လည် ၁ နာရီခန့်က KIA နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်၊ မဒမ်ကျေး ရွာအုပ်စု၊ လဘန်ကျေးရွာနေ USDP ပါတီ၏ မြို့နယ်ကော်မတီဝင်(ဟောင်း) ဦးချန်ဒေါင်လွမ်း နေအိမ်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာပြီးနောက် နေအိမ်၌ရှိနေသည့် ဦးချန်ဒေါင်လွမ်းအား ဖမ်းဆီးခေါ်ဆောင်ပြီးနောက် နေအိမ်ခြံဝင်းအပြင်ဘက်တွင် သေနတ်များဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။
"ဦးချန်ဒေါင်လွမ်းက USDP ပါတီရဲ့ ဝိုင်းမော်မြို့နယ်ကော်မတီဝင်(ဟောင်း)တစ်ယောက်ပါ။ အနေအေးတယ် ပါတီကနေလည်းထွက်ထားတယ်လို့သိထားတယ်။ ပစ်သတ်ခံရတဲ့အကြောင်းရင်းကတော့ လုံခြုံရေးအဖွဲ့တွေက စစ်ဆေးနေကြတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးချန်ဒေါင်လွမ်း၏ နားထင်နှင့်ခန္ဓာကိုယ်အချို့နေရာများ၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးချန်ဒေါင်လွမ်း၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသစစ်ပွဲအဆုံးသတ်မယ့်အချိန်ကို အမေရိကန်နိုင်ငံ ဆုံးဖြတ်မှာမဟုတ်ဘဲ အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်မယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း