စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးရန် အမေရိကန်အစိုးရကို ယူကရိန်းသမ္မတဇီလန်စကီး၏ ဇနီးဖြစ်သူ တောင်းဆို
Pika(NSS) - ဒီဇင်ဘာ ၁ဝ
အမေရိကန်နိုင်ငံထံမှ စစ်ရေးအကူအညီများ ဆက်လက်မရရှိဘူးဆိုပါက ယူကရိန်းနိုင်ငံ ကျဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး၏ ဇနီးဖြစ်သူ Elena Zelenskaya က ပြောကြားခဲ့သည်။
ယူကရိန်းသို့ အမေရိကန်ဒေါ်လာ(၆ဝ)ဘီလျံကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျည်များ ပေးပို့မည့် ဥပဒေမူကြမ်းကို အမေရိကန် ရီပတ်ဘလစ်ကန်အမတ်များက ပယ်ချခဲ့ပြီးနောက် Elena Zelenskaya ၏ တောင်းဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
Elena Zelenskaya က "ယူကရိန်းကို ကူညီလိုတဲ့စိတ်အားထက်သန်မှုတွေ ပျောက်ကွယ်သွားနိုင်တဲ့ အရိပ်အယောင်တွေကို ကျွန်မတွေ့ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အမေရိကန်အထက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်အမတ်များသည် ယူကရိန်းသို့ စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၆၁)ဘီလျံ၊ အစ္စရေးသို့ အမေရိကန်ဒေါ်လ(၁ဝ) ဘီလျံကျော် နှင့် အမေရိကန်တောင်ပိုင်း နယ်စပ်လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၆) ဘီလျံ ခွဲဝေပေးမည့် အမေရိကန်ဒေါ်လာ (၁၁ဝ)ဘီလျံရှိ အသုံးစရိတ်ဥပဒေမူကြမ်းကို ပယ်ချခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်အထက်လွှတ်တော်၏ ပိတ်ဆို့မှုများနှင့်အတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ယူကရိန်းပေါ်လစီကို လူထုထောက်ခံမှုများ ကျဆင်းနေကြောင်း Elena Zelenskaya က မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် အနောက်အုပ်စု နိုင်ငံများအနေဖြင့် ယူကရိန်းသို့ စစ်ရေးအကူအညီများ ဆက်လက်ကူညီပံ့ပိုးပေးနေရန် Elena Zelenskaya က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
၎င်းက "ကျွန်မတို့ အကူအညီတွေကို တကယ်လိုအပ်နေပါတယ်။ ပြောရမယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ ရပ်တန့်လို့မရပါဘူး။ အကူအညီတွေကို ရပ်တန့်လိုက်မယ်ဆိုရင် ကျွန်မတို့သေဆုံးရပါလိမ့်မယ်။ ကမ္ဘာကြီးဟာ ယူကရိန်းကို အကူအညီပေးတာတွေ ရပ်တန့်လိုက်တာဟာ ကျွန်မတို့ကို သေစေတာမျိုးနဲ့ တူတူပါပဲ" ဟု ပြောခဲ့သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ကတည်းက အမေရိကန်သည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ (၁၁၃) ဘီလျံကျော် ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့်ဇွန်လအစောပိုင်းက စတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများသည် သိသာသော ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း ယူကရိန်း သည် တပ်ဖွဲ့ဝင်(၁၂၅ဝဝဝ) ကျော်၊ စစ်လက်နက်ပစ္စည်း (၁၆ဝဝဝ)ကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၆)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ