ပြည်ပခရီးသွားများ လာရောက်ရာ၌ လွယ်ကူစေရန် မလိုလားအပ်သည့် အဟန့်အတားများ ဖြေလျှော့ပေးရမည်ဟု နစကဝန်ကြီးဆို
ယွန်း (NSS) - ဒီဇင်ဘာ ၇
မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးနေပြီး ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရာ၌ လွယ်ကူအဆင်ပြေစေရန် မလိုလားအပ်သည့် အဟန့်အတားများ ဖြေလျှော့ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဒီဇင်ဘာလ(၆)ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် ပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇)ရက်မှစ၍ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-Visa ကို မေလ (၂၀) ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ခွင့်ပြုပေးခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ဧည့်သည်ဝင်ရောက်မှု (၄၃)ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အလားတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လအ တွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုတစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဥ်ပါက (၄၇၁)ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးနေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နှင့် ဒေသခံပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်ကြရာတွင် လွယ်ကူစေရန် နှင့် မလိုလားအပ်သည့် အဟန့်အတားများ၊ ကြန့်ကြာမှုများ ကို အတတ်နိုင်ဆုံးဖြေလျှော့ပေးရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ဦးတည်ဈေးကွက်နိုင်ငံများနှင့် ချိတ်ဆက်ပြီး ဈေးကွက်ရှာဖွေမြှင့်တင်ရေး ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်များထက် သိသာစွာကျဆင်းလျက်ရှိပြီး ဒေသတွင်းလုံခြုံရေး နှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦး ငါးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း