သူငယ်ချင်း အချင်းချင်း စကားများရန်ဖြစ်ပြီးနောက် နေအိမ်အထိပါ ဓားဖြင့်လိုက်ခုတ်မှု ပြည်မြို့တွင် ဖြစ်ပွား
News - မတ် ၁၂
သူငယ်ချင်းအချင်းချင်း ရန်ဖြစ်စကားများသည်ကို မကျေနပ်၍ နေအိမ်အထိ ဓားဖြင့်လိုက်ခုတ်မှုကြောင့် မိသားစုဝင် များပါ ဓားဖြင့် အခုတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့ (မတ်လ ၁၂ ရက်) နံနက်(၁)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ပြည်မြို့ရှိ ကိုးသောင်းပဒေသာရပ်၊ ရွှေတစ်ချောင်းလမ်းရှိ “လွှမ်းမိုးကဖီး” အနီးတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သိရသည်။
အဆိုပါဖြစ်စဥ်မှာ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်စကားများသည်ကို မကျေနပ်ဘဲ ဆယ်ကျော်သက်အရွယ် အမျိုးသား (၂) ဦးမှ နေအိမ်အထိ ဓားများဖြင့် လာရောက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက်(၁)နာရီလောက်ကဖြစ်တာပေါ့။ လာခုတ်တာကတော့(၂)ယောက် သူငယ်ချင်းအချင်းချင်း ရန်ဖြစ်တာကို မကျေနပ်လို့ သူတို့က ကောင်လေးအိမ်ကို လာခုတ်တာ၊ အိမ်တံခါးတွေရော လာခုတ်တာ။ အသက်လေးတွေ ကတော့ ငယ်ငယ်လေးတွေပါ (၁၈)နှစ်၊ (၁၉)နှစ်လောက်တွေပဲ ရှိဦးမယ်။ ဘာကြောင့်ရန်ဖြစ်တာလဲတော့ မသိသေးပါဘူး” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ NP News ကို အတည်ပြုပြောဆိုထားသည်။
ထို့ပြင် ၎င်းတို့သည် အဆိုပါနေအိမ်၏ ရှေ့တံခါးများကိုလည်း ဓားများဖြင့် ခုတ်ကာဖျက်ဆီးခဲ့သည့်အပြင် နေအိမ် ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်(၂)စီးကိုလည်း ခဲများဖြင့် ထုကာ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ဓားဖြင့် အခုတ်ခံရမှုကြောင့် အဆိုပါနေအိမ်ရှိ အသက်(၄ဝ)ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၄)နှစ်နှင့် အသက်(၁၉)နှစ်အရွယ် မောင်နှမ(၂)ဦး အပါအဝင် မိသားစုဝင်(၃)ဦး၌ ဓားခုတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသနိုင်ရန် ပြည်ကုတင်(၅၀၀)ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သည့် အမျိုးသား(၂)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (ပြည်)မှ ဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံထံကနေ Su-35 အမျိုးအစား တိုက်လေယာဉ်များ အီရန်နိုင်ငံ ဝယ်ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း