ရန်ကုန်မြို့အပါအဝင် အခြားသောမြို့နယ်များ၌ စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်
မြူနစ် (NSS) - ဒီဇင်ဘာ ၅
ရန်ကုန်မြို့အပါအဝင် အခြားသော တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်အချို့၌ စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာလ ၅ ရက်) နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပြီး ရောင်းချမှုများကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော်က ပြည်မြို့ကို ပြန်မှာပါ။ ဒီနေ့ မနက်ပိုင်းကတည်းက တာမွေ၊ သင်္ဃန်းကျွန်းတစ်ဝိုက်က ဆီဆိုင်တွေမှာ ၉၂ ဆီ လိုက်ဝယ်တာ တစ်ဆိုင်မှ မရခဲ့ဘူး။ ဆီကုန်နေတယ်လို့ ပြောတယ်။ ညနေ (၃)နောက်ပိုင်းမှာ ပြန်လာဝယ်လို့ပြောတယ်။ နယ်ကို ပြန်ဖို့အတွက် တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ ကားထဲမှာက ဆီလက်ကျန်ကလည်း မရှိဘူးဖြစ်နေတာပေါ” ဟု ရန်ကုန်မြို့တွင် ကျန်းမာရေးစစ်ဆေးရန် ရောက်ရှိလာသော ပြည်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ရန်ကုန်သီလဝါဆိပ်ကမ်းရှိ Terminal များမှ စက်သုံးဆီများကို ထုတ်ယူရာတွင် အခက်အခဲများရှိနေသည့်အတွက် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေကာ ဆီရောင်းချမှုများကို ရပ်တန့်နေရခြင်းဖြစ်ကြောင်း ဆိုင်အချို့က အသိပေးထားသည်ကို တွေ့ရသည်။
လက်ရှိ၌ ရန်ကုန်မြို့တွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း (၁၄၆)ဆိုင်ထက်မနည်းရှိပြီး ယနေ့၌ 92 တစ်လီတာလျှင် (၂၅၁၀) ကျပ်၊ 95 တစ်လီတာလျှင် (၂၆၄၀)ကျပ်နှုန်းဖြင့် ရောင်းချရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည်။
အလားတူ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်တစ်လီတာလျှင် (၂၂၁၀)ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် (၂၃၀၅)ကျပ်ဖြင့် ရောင်းချရန်လည်း သတ်မှတ်ပေးထားသည်။
ယနေ့တွင် စက်သုံးဆီပြတ်လပ်နေမှုသည် ရန်ကုန်မြို့တွင်သာမက နေပြည် တော်၊ မန္တလေး နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ဘယ်မှာမှဝယ်လို့မရဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ 92၊ 95 အကုန်ဘယ်ဟာမှမရဘူး။ ဈေးတွေကလည်း တစ်ပေပါကို (၆)သိန်းကျော်ဖြစ်နေပြီ။ တစ်နိုင်ငံလုံးဖြစ်နေတာဆိုတော့လည်း ဘာမှမလုပ်နိုင်ဘူးလေ။ ဖြစ်လာမှတော့လည်း အကောင်းပဲပေါ့။ မလုပ်နိုင်တော့လည်း ရပ်ထားရုံပဲရှိတာ။ မော်လမြိုင်တစ်မြို့လုံးကို အကုန်ပတ်ဝယ်တာတောင်မရဘူး။ ရတယ်ဆိုတဲ့ဆိုင်မှာ ကျတော့လည်း အကုန်လုံးတိုးနေရတာ။ ဆိုင်ကယ်တွေရော ကားတွေရော အကုန်လုံးပဲ တိုးရင်လည်းအကြာကြီး စောင့်ရတာ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက NSS ကို အသိပေးပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့အပါအဝင် အခြားသောမြို့နယ်များ၌ စက်သုံးဆီပြတ်လပ်နေမှုများနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ရွှေဈေးနှုန်း သမိုင်းဝင်အမြင့်ဆုံးသို့ ရောက်ရှိလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ