လက်နက်ကိုင်များအနေဖြင့် မြေစာပင်ဖြစ်နေသော ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်မိုက်တွင်းမနက်ဘဲ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် တပ်ချုပ်ပြော
မျိုးကြီး (NSS) - ဒီဇင်ဘာ ၅
လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြေစာပင်ဖြစ်နေသော ပြည်သူကို ကိုယ်ချင်းစာရန် နှင့် ဆက်လက်မိုက်တွင်းမနက်ဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့(ဒီဇင်ဘာလ ၄ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်အဖျက်အမှောင့်လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဒေသခံများအနေဖြင့် ခံစားကြုံတွေ့နေရကြောင်း သိရသည်။
ထို့ပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အချိန်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရသည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
လက်ရှိတွင် KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦးများစွာပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ပြီး မြေစာပင်ဖြစ်နေသော ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်မမိုက်မဲဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိနစကအစိုးရလက်ထက်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ EAO အဖွဲ့များကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်မှုရှိခဲ့သော်လည်း EAO (၁၀)ဖွဲ့သာ တက်ရောက်ဆွေးနွေးခဲ့သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်ကာ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။
အလားတူ KNPP ပူးပေါင်းသည်လည်း နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့၌ တိုက်ပွဲဖော်ဆောင်ခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နှင့် စစ်ကိုင်းတိုင်းအတွင်း၌လည်း တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ယင်းကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် မြို့ခံပြည်သူလူထုအများစုသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ၎င်းတို့၏ အိုးအိမ်စည်းစိမ်များသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးဈေးကွက်ကို အမေရိကန်ကုမ္ပဏီများသာ ဆက်လက်လွှမ်းမိုးချုပ်ကိုင်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ