ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအပေါ်တွင် တိုက်ရိုက်အချိုးကျနေဟုဆို
ယွန်း (NSS) - ဒီဇင်ဘာ ၄
ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အပေါ်တွင် တိုက်ရိုက်အချိုးကျနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်များထက် သိသာစွာကျဆင်းလျက်ရှိပြီး ဒေသတွင်းလုံခြုံရေး နှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်နေကြောင်း သိရသည်။
“ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုတာ ခရီးသွားလုပ်ငန်းအပေါ်မှာ တိုက်ရိုက်အချိုးကျနေတာပါ။ လုံခြုံမှု၊ အေးချမ်းမှု၊ တည်ငြိမ်မှုရှိရင်တော့ ရှိသလောက်ခရီးသွားလုပ်ငန်းကတိုးတက်တယ်။ လုံခြုံမှုမရှိရင်တော့ ခရီးသွားလုပ်ငန်းက ချက်ချင်းကျသွားတာပေါ့။ တိုက်ရိုက်အချိုးကျနေတာ။ ခရီးသွားဝင်ရောက်မှုနည်းတယ်ဆိုတာ အဲဒါတွေကြောင့်လည်း ပါပါတယ်”ဟု ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မတည်ငြိမ်သေးသည့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပခရီးသွားလာရောက်မှုသည်လည်း ကိုဗစ်ကပ်ရောဂါမတိုင်မီ နှစ်များထက် ကျဆင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အနောက်နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဂျာမနီနိုင်ငံများအနေဖြင့်လည်း ယခင်က လာရောက်လည် ပတ်မှုရှိခဲ့ပြီး လက်ရှိတွင် ခရီးသွားလာရောက်မှု အလွန်နည်းပါးသည့်အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။
“ပြည်ပခရီးသွားဝင်ရောက်မှုလည်း ရာခိုင်နှုန်းအားဖြင့် ကျတော့ကျသွားတယ်။ အဓိကထိုင်းနိုင်ငံက ခရီးသွားတွေလာရောက်ဖို့ အခက်အခဲဖြစ်သွားတာတွေရှိတယ်။ လာရောက်တဲ့သူတွေလည်းရှိသလို ခရီးစဥ်ဖျက်လိုက်တာတွေလည်းရှိတယ်။ ရုရှားလိုနိုင်ငံကနေလည်း ဝင်ရောက်တဲ့ဧည့်သည်အချို့ရှိတယ်။ New Year အချိန်မှာလည်း သူတို့ဆီမှာလည်းပိတ်ရက်တွေရှိတော့ လာဖို့စီစဥ်ကြပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ အချို့ကလည်း cancel လုပ်သွားတာတွေရှိပါတယ်။ အခြားအနောက်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်တို့၊ ဂျာမနီတို့က ခရီးသည်တွေကတော့ တော်တော်ကိုနည်းပါးတဲ့အခြေအနေဖြစ်နေပါတယ်။ လုံးဝမလာတဲ့အဆင့်လောက်အထိကို ရှိပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
ပြည်တွင်းရှိ စစ်ကိုင်း၊ မကွေး၊ ကချင် နှင့် ကရင်တို့တွင် သွားရောက်လည်ပတ်စရာ နေရာများရှိသော် လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပခရီးသွားအပြင် ပြည်တွင်းခရီးသွားလာရောက်လည်ပတ်မှုပါ နည်းပါးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စသုံးလုံးတွင် လက်ထောက်စုံးစမ်းရေးမှူး(၆၅)ဦး ဖြည့်တင်းခန့်ထားရန် ပြင်ဆင်နေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း