မြဝတီမြို့တွင် ညမထွက်ရအမိန့်အပေါ် လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု အသိပေးကြေညာ
ကျော် (NSS) - ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားမှုကို လိုက်နာကြရန် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)ညနေပိုင်းက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။
"ခရိုင်ထွေအုပ်ရုံးကနေ ထုတ်ပြန်ထားပြီးဖြစ်တဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထပ်ပြီးအသိပေးတဲ့အနေနဲ့ လိုက်အော်နေတာလို့ကြားတယ်။ ညမထွက်ရအမိန့်ကတော့ အရင်အတိုင်းပဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပါ"ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
ယခင် ထုတ်ပြန်ထားပြီးဖြစ်သည့် ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား လိုက်လံအသိပေးနှိုးဆော်ခြင်းဖြစ်သော်လည်း ယမန်နေ့ညပိုင်းက အသိပေးနှိုးဆော်ပြောကြားချိန်၌ စည်းကမ်းလိုက်နာမှုမရှိဘဲ သတ်မှတ်ချိန်အတွင်းအပြင်ထွက်ပါက ပစ်ခတ်မည်ဟုအသိပေးကြေညာမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
"ဟုတ်တယ်ဗျ အရင်ကညဖက်ထွက်မယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကိုအကြောင်းကြားပြီး နားလည်မှုနဲ့ထွက်လို့ရတယ်။ မနေ့ညက အသံချဲ့စက်နဲ့လိုက်အော်တာကို ကြားရသလောက်ဆိုရင် အရင်လို အကြောင်းကြားပြီးထွက်လို့မရတော့ဘူး။ သတ်မှတ်ချိန်မှာအပြင်ထွက်တာနဲ့ ပစ်မိန့်ပါပေးထားတယ်လို့ သိရတယ်"ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီးနောက် မြဝတီမြို့ရှိ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ နှင့် အခြားဖွင့်လှစ်ထားသည့်ဆိုင်များလည်း စောစီးစွာသိမ်းဆည်းခဲ့ကြရကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့၊ ဘုရင့်နောင်လမ်းပေါ်ရှိ စုပေါင်းရုံးအနီးတွင်လည်း ညပိုင်း၌ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။
"ရုံးပေါင်းစုံနေရာကို ညပိုင်းဖြတ်သန်းခွင့်ပိတ်လိုက်တယ်။ မနက်ပိုင်းဆိုရင်တော့ လမ်းကိုတစ်ခြမ်းဖွင့်ပေးတယ်။ စစ်သားတွေနဲ့ BGF အဖွဲ့တွေ ကင်းလှည့်နေကြတာရှိတယ်။ လက်ရှိအချိန်ကတော့ မြဝတီမှာနေတဲ့လူတွေက ပုံမှန်အတိုင်းသွားလာလုပ်ကိုင်နေကြတယ်"ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့ညနေပိုင်းက မြဝတီကုန်သွယ်ရေးဇုန်အား KNU နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များက Drone ယာဥ်အသုံးပြုကာ Drop Bomb ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့်အား ထပ်မံအသိပေးနှိုးဆော်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားကို TNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျိုးကျပျက်စီး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ