ဖယောင်းတိုင်မီးထွန်းရာမှလဲကျပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးဆုံးရှုံးကာ လူဦးရေ (၅၀)ခန့် မီးဘေးသင့်ခဲ့
ကျော်(NSS) - ဒီဇင်ဘာ ၂
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ညနေပိုင်းက ဖယောင်းတိုင်မီးထွန်းထားရာမှလဲကျပြီး မီးကူးစက်လောင်ကျွမ်း၍ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးကာ လူဦးရေ (၅၀)ခန့် မီးဘေးသင့်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့၊ ညနေ ၄ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ကမ်းနားလမ်းရှိ ၃ ထပ်နေအိမ်တစ်လုံး၏ အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ ဖယောင်းတိုင်မီးထွန်းထားရာမှ အနီးရှိမွေ့ယာပေါ်သို့လဲကျပြီး နေအိမ်အားမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
"ကမ်းနားလမ်း ပေပင်လေးဘုန်းကြီးကျောင်းအရှေ့ဖက်မှာရှိတဲ့ အိမ်တွေမှာလောင်တာပါ။ အဲဒီနားကအိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ကပ်နေတာ အခုမီးစလောင်တဲ့အိမ်ကလည်း ဖယောင်းတိုင်ကို သေချာမစိုက်ဘဲထောင်ထားတယ်။ ပြီးတော့အပြင်ထွက်သွားတဲ့အချိန် ဖယောင်းတိုင်က အနားကမွေ့ယာပေါ်ကိုလဲကျပြီး မီးလောင်ကျွမ်းသွားတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
မီးလောင်ကျွမ်းမှုအား လုံခြုံရေးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
"မီးလောင်ချိန်က ၁၅ မိနစ်ကျော်လောက်ပဲကြာတယ်။ ညနေ ၄ နာရီ ၁၅ မိနစ်ကျော်လောက်မှာ ငြိမ်းသွားတာပါ။ မီးလောင်ချိန်သိပ်မကြာပေမယ့် အိမ်တွေကပ်တာရယ်။ မီးလောင်အားကောင်းတာတွေရှိတာရယ်ကြောင့် အိမ် ၅ လုံးမီးလောင်ပျက် စီးသွားတယ် အခုပျက်စီးသွားတဲ့အိမ်တွေက ပျဥ်ခင်း/ပျဥ်ကာတွေကြီးပဲ"ဟု ၎င်းကဆက်လက်ပြော သည်။
မီးလောင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၅ လုံးတွင်နေထိုင်သည့် အမျိုးသား ၂၅ ဦးနှင့်အမျိုးသမီး ၂၅ ဦး(စုစုပေါင်း ၅၀ ဦး)တို့အား တာဝန်ရှိသူများက ယာယီနေရာချထားပေးပြီးလိုအပ်သည်များကိုကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား တာဝန်ရှိသူများက ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေဟင်ရန်၊ ရေပြင်ရန် နှင့် ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများကို မြန်မာ-တရုတ်တပ်မတော်နှစ်ရပ် ပူးတွဲစစ်ရေးလေ့ကျင့်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း