နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ NUG ရဲ့ ဒေါ်ဇင်မာအောင်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ရှိတယ်လို့ NUG ရဲ့ ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ကြောင်း ဂျပန်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ "Nikkei" က ဖော်ပြလာပါတယ်။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဒေါ်ဇင်မာအောင်က "နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေအတွက် စည်းကမ်းသတ်မှတ်ချက်တွေ ပိုမိုကောင်းမွန်လာမယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်။ အဲဒီလိုမျိုးအခြေအနေများရှိလာဖို့ ကျွန်မတို့ဟာ အာဆီယံသဘောတူညီ ချက်ငါးချက် အပြင် နစကနဲ့ပတ်သက်ပြီး ကြိုတင်သတ်မှတ်ချက်တွေလည်း ရှိနေပါတယ်” လို့ ဆိုထားပါတယ်။
ဒါ့ပြင် NUG အနေနဲ့ နစကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်မယ့်အစီအစဉ်ကို ငြင်းဆန်မှာ မဟုတ်ကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့တယ်လို့ "Nikkei" သတင်းဌာနမှာ ဖော်ပြထားပါတယ်။
“NUG အနေနဲ့ နစကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်မယ့်အစီအစဉ်ကို ငြင်းဆန်မှာ မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများက အပြုသဘောဆောင်သော ရလဒ်များ မရရှိသေးကြောင်း”ဒေါ်ဇင်မာအောင်က ပြောခဲ့တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို NUG ကိုယ်စားလှယ်များအပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ EAO အချို့မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲအပြီးမှာ အင်ဒိုနီးရှားအစိုးရက အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
အင်ဒိုနီးရှားအစိုးရက ဦးဆောင်လုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို နစကဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ခြင်းမရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NSS ကို ပြောဆိုခဲ့ပါတယ်။
အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်လာနိုင်လားဟု NSS က နစကပြောခွင့်ရအား မေးမြန်းခဲ့ရာမှာ ၎င်းက “NUG အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ပါမယ်။ ထောက်ခံခြင်းမပြုပါဘူးဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်ကို ကမ္ဘာသိထုတ်ပြန်ပေးရမယ်။ အဲဒီလိုထုတ်ပြန်ပေးတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာနဲ့ ဆွေးနွေးမှုများ ဖြစ်ကောင်းဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ