ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန်တင်ပြလာသည့် အေဂျင်စီ ၁၁ ခုရှိ
ကျော်(NSS) - ဒီဇင်ဘာ ၁
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန်တင်ပြလာသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီ(၁၁)ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများအနေဖြင့်လည်း ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်လိုပါက သတ်မှတ်ချက်များနှင့်အညီ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
"သတ်မှတ်ချက်တွေနဲ့အညီလာလျှောက်လို့ စီစစ်ပြီးတဲ့အခါ မှန်ကန်မှုရှိတယ်ဆိုရင် ခွင့်ပြုပေးသွားမှာပါ"ဟု အလုပ်သမားဝန်ကြီးဌာနမှ အသိပေးပြောကြားထားသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီကာ အချက်အလက်ပြည့်စုံသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများသည် ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်နိုင်ရေးအတွက် လျှောက် ထားနိုင်ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုပေးသွားမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ ရာသီချိန်လုပ်သားအဖြစ် စေလွှတ်ခြင်းမရှိသေးကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ရာသီချိန်လုပ်သားအဖြစ် စေလွှတ်ခြင်းမရှိသေးသော်လည်း မြန်မာနိုင်ငံရှိ အချို့သောကိုရီးယားအလုပ်အကိုင်သင်တန်းကျောင်းများမှ ရာသီချိန်လုပ်သားအဖြစ်စေလွှတ်မည်ဟုပြောဆိုကာ တရားမဝင်လူစုဆောင်းခြင်း၊ ဝန်ဆောင်ခငွေအားအရစ်ကျသွင်းခိုင်းစေခြင်းများရှိနေကြောင်း သိရသည်။
လက်ရှိအချိန်၌ ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအား EPS စနစ်ဖြင့်သာ စေလွှတ်ခြင်းများရှိသည်ဟု သိရသည်။
"ကိုရီးယားနိုင်ငံကို ရာသီချိန်အလုပ်သမားစေလွှတ်ဖို့ မြန်မာနိုင်ငံဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိသလို၊ ကိုရီးယားနိုင်ငံဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်းရှိတယ်။ ဒီလိုသတ်မှတ်ထားတဲ့ နှစ်နိုင်ငံ စည်းမျဉ်းစည်းကမ်းတွေကို လုပ်သားစေလွှတ်လိုတဲ့ မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေလည်းသိရှိထားပြီးဖြစ်ပါတယ်"ဟု အလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားသည်။
မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ(၄၈၇)ခု နှင့် (ထိုင်း)လိုင်စင်ရ အေဂျင်စီ (၁၄၇)ခုတို့က လုပ်သားစေလွှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တစ်ပြေးညီပြေလည်အောင်ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု၌ လုံခြုံရေးဆိုင်ရာအသုံးစရိတ် နှင့် ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးကို အဓိကထည့်သွင်းတောင်းခံ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ