ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်အား PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ပြီး စီးလာသည့်ဆိုင်ကယ်ကို လုယက်ယူဆောင်သွား
ကျော် (NSS) - ဒီဇင်ဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာ၏ ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်အား PDF အဖွဲ့မှ ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်)၊ နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ပြီး စီးလာသည့်ဆိုင်ကယ်ကိုလုယက်ယူဆောင်သွားခဲ့ကြကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့၊ နေ့လည် ၁ နာရီကျော်ခန့်က ရွာရှည်ကျေးရွာနေ ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်အောင်(၅၉)နှစ်သည် ၎င်းပိုင်ဆိုင်သည့် ဝါစိုက်ခင်းမှတဆင့် နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လာစဥ် ၎င်း၏အနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF အဖွဲ့ဝင် ၂ ဦးမှ ရွာရှည်ကျေးရွာ နှင့် ကျောက်ကုန်းကျေးရွာကြားရှိ ကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် ဦးကျော်အောင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
"ဦးကျော်အောင်က ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်တစ်ယောက်ဖြစ်သလို တောင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က သူပိုင်တဲ့ဝါစိုက်ခင်းကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန် ရွာရှည်ကျေးရွာနဲ့ကျောက်ကုန်းကျေးရွာကြားက ကျေးရွာချင်းဆက်မြေသားလမ်းပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးကျော်အောင်သည် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်၊ ဘယ်နား ရွက်အောက်ကျည်ဖောက်ဝင်၊ ဘယ်နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင် ၂ ဦးသည် ဦးကျော်အောင်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ဆိုင်ကယ်ကိုလည်း လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ ဦးကျော်အောင်၏ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန်တင်ပြလာသည့် အေဂျင်စီ ၁၁ ခုရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း