သန်လျင်တံတား အမှတ် - ၃ တည်ဆောက်ခြင်းလုပ်ငန်းများ လာမည့်နှစ်အတွင်း ပြီးစီးမည်
Pearl (NSS) - ဒီဇင်ဘာ ၁
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်မည့် သန်လျင်တံတား အမှတ် - ၃ တည်ဆောက်ခြင်းလုပ်ငန်းများ ၂၀၂၄ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆိုပါ သန်လျင်တံတားအမှတ် - ၃ တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွား ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက စီမံကိန်းတစ်ခုအနေဖြင့် အပြီးသတ်ဆောင်ရွက်ရသည့်အပိုင်းသည် အလွန်အရေးကြီးသဖြင့် တံတားချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများဆောင်ရွက်ရာ၌ ဒီဇိုင်းသတ်မှတ်ရေးဆွဲထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာဆောင်ရွက်ရန် နှင့် သတ်မှတ်အချိန်အတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ သန်လျင်တံတား အမှတ် - ၃ တွင် အဓိကပင်မတံတားတည်ဆောက်ခြင်းများ ပြီးစီးပြီဖြစ်ပြီး လက်စသတ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၄ ခုနှစ်အတွင်း ပြီးစီးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားအမျိုးအစားသည် သံကူကွန်ကရစ်သံမဏိကြိုးဆိုင်းဖြစ်ပြီး ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများ နှင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ တံတားသည် အရှည် (၈၆၃၈ ဒသမ ၈၆)ပေရှိကြောင်း သိရသည်။
တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မှသန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်ကာ လက်ရှိကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများလျော့နည်းမည်ဖြစ်ပြီး သန်လျင်မြို့နယ်အတွင်းရှိ စီးပွားရေးဇုန်၊ ခရမ်း နှင့် သုံးခွမြို့နယ်တို့အပါအဝင် ပဲခူးတိုင်းသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်အား PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ပြီး စီးလာသည့်ဆိုင်ကယ်ကို လုယက်ယူဆောင်သွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း