ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တရုတ်၏စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးမြင့်လာကြောင်း ထိုင်ဝမ်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၃ဝ
တရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများသည် နိုဝင်ဘာလ(၃ဝ)ရက်တွင် ထိုင်ဝမ်ကျွန်း၏ ရေလက်ကြား အလယ်မျဉ်းကို ထပ်မံဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ထုတ်ပြန်ပြောခဲ့သည်။
လာမည့်နှစ်ဇန်နဝါရီလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေး လှုပ်ရှားမှုများ ပိုမိုတိုးမြင့်လာခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ပြောခဲ့သည်။ တရုတ်အစိုးရက ၎င်း၏ ပိုင်နက်နယ်မြေ အဖြစ် သတ်မှတ်ထားသော ထိုင်ဝမ်သည် ပြီးခဲ့သည့်လေးနှစ်အတွင်း ၎င်း၏ ကျွန်းအနီးတွင် တရုတ်၏ ပုံမှန် စစ်ရေး ကင်းလှည့်မှုများနှင့် လေ့ကျင့်မှုများကို အကြိမ်ကြိမ်ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။
ထိုင်ဝမ်သည် ၎င်း၏ သမ္မတရွေးကောက်ပွဲ နှင့် လွှတ်တော်ရွေးကောက်ပွဲများကို လာမည့်နှစ် ဇန်နဝါရီလ(၁၃)ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ထိုင်ဝမ်ကျွန်း အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် သွားလာနေသော ရဟတ်ယာဉ်တင်သင်္ဘောများအပြင် J-10 နှင့် J-16 တိုက်လေယာဉ်များကို နိုဝင်ဘာလ(၃ဝ)ရက် နံနက်ပိုင်းတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်များထဲမှ (၁၁)စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ကျော်ကာ တရုတ်စစ်သင်္ဘောများနှင့်အတူ ပူးတွဲကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများကို စောင့်ကြည့်ရန်အတွက် ၎င်း၏ တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချ ထားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု များ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ထိုင်ဝမ်ခွဲထွက်ရေးသမားများ နှင့် အမေရိကန်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများကို တားဆီးရန် နှင့် တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောခဲ့သည်။
တရုတ် နှင့် ဆွေးနွေးမှုများလုပ်ဆောာင်ရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သော ထိုင်ဝမ်အစိုးရသည် တရုတ်၏ အချုပ် အခြာအာဏာပိုင်ဆိုင်ခွင့် တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး ထိုင်ဝမ်ကျွန်းပြည်သူများသည် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၃ဝ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ