မူဆယ် ၁၀၅ မိုင်ရှိ စစ်ဘေးရှောင်များကို သွားရောက်ခေါ်ဆောင်သည့် ပရဟိတအသင်းကား(၂)စီး သေနတ်ဖြင့်ပစ်ခတ်ခံရ
NSS - နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင်ရှိ စစ်ဘေးရှောင်များကို သွားရောက်ခေါ်ဆောင်သည့် ပရဟိတအသင်းကား(၂)စီး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံပရဟိတ အသင်းမှသိရသည်။
ဖြစ်စဉ်သည် ယနေ့ (နိုဝင်ဘာလ ၃၀)ရက်၊ နေ့လည် ၂ နာရီခန့်က မူဆယ်မြို့နှင့် (၅)မိုင်ခန့်အကွာတွင် အထက်ပါကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မနက်ကတည်းက ပရဟိတအသင်း(၁၀)သင်းလောက် နဲ့ ၁၀၅ မိုင်မှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို သွားကြိုတယ်။ သွားကြိုတဲ့အချိန် ၁၀၅ မိုင်ကို မရောက်ခင် မူဆယ်နဲ့ဆို (၅)မိုင်လောက်အကွာမှာ ရပ်စောင့်နေတုန်း ပစ်ခံရတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မူဆယ်မြို့နယ်အခြေစိုက်ပရဟိတအသင်း(၂)သင်း၏ ကားများပေါ်တွင်လိုက်ပါလာသော စစ်ဘေးရှောင်(၂)ဦးသည် ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
သို့သော်လည်း ပရဟိတကား(၂)စီးတွင် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က ဒုက္ခရောက်နေတဲ့ ဒေသခံတွေကို သွားကယ်တာပါ။ ခုဟာက မသိလို့ ပစ်တာလား။ သိသိလျက်နဲ့ပစ်တာလားတော့ မသိဘူး။ ကျွန်တော်တို့ သွားကယ်ဆယ်တယ်ဆိုတာလည်း သာမန်အိမ်ကားတွေကို ဗွီနိုင်းကပ်ပြီး သွားတာမဟုတ်ဘူး။ အသင်းကားတွေနဲ့ပဲသွားကြတာ”ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ဘေးရှောင်များအား သွားရောက်ကယ်ဆယ်လျက်ရှိသည့် မူဆယ်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းများအနက် အချို့သောလူမှုကူညီရေးအသင်းဝင်များသည် မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး အချို့လူမှုကူညီရေးအသင်းဝင်များသည် စစ်ဘေးရှောင်များအား ကယ်ထုတ်နိုင်ရန်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မူဆယ် ၁၀၅ မိုင်တွင် တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး စစ်ဘေးရှောင်ဒေသခံအများအပြားသည် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူဦးရေ(၁၀၀၀)ခန့်သည် တိုက်ပွဲများဖြစ်ပွားရာနေရာအနီး၌ ပိတ်မိလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းလက်နက်ကိုင်(၂)ဖွဲ့၏ အပစ်အခတ်ရပ်စဲမှုကို ရှမ်းအရပ်ဘက်အဖွဲ့အစည်းများထောက်ခံကြိုဆိုခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း