ရုရှားနိုင်ငံကို ဘယ်တော့မှ အထင်မသေးသင့်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ထုတ်ဖော်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၂၉
ပြီးခဲ့သည့်နှစ်တွင် ရုရှား၏ ရှေ့တန်းနေရာများကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိသော ယူကရိန်း၏ ရှုံးနိမ့်မှုများ က နေတိုးအဖွဲ့အနေဖြင့် ရုရှားနိုင်ငံအား ဘယ်တော့မှ အထင်မသေးသင့်သည်ကို သက်သေပြနေခြင်းဖြစ်ကြောင်း နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်ဂျန်စတိုလ်တန်ဘာ့ချ်က ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သောနေတိုးအဖွဲ့သည် လာမည့်နွေဦးရာသီတွင် ရုရှားတပ်ဖွဲ့များကို နောက်ထပ်တန်ပြန် ထိုးစစ်ဆင်မှုများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် ဆန္ဒရှိ/မရှိ ဆိုသည့်အချက်ကို သတင်းထောက်များက ဂျန်စတိုလ်တန်ဘာ့ချ် ကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ဂျန်စတိုလ်တန်ဘာ့ချ် က "နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကိုပေးထားတဲ့ကတိဝတ်တွေကို တည်ခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်လက်နက်ပစ္စည်းတွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တိုက်လေယာဉ် တွေ ပေးပို့ခဲ့ပြီးပါပြီ။ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့ကလည်း လာမယ့်နှစ်မှာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ယူရို(၁ဝ) ဘီလျံပေးမယ်လို့ ကတိပြုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံများထံမှ သိသာသော စစ်ရေးအကူအညီများကို ရရှိခဲ့သော်လည်း ရှေ့တန်း စစ်မြေမျက်နှာပြင်တွင် သိသာထင်ရှားသောရလဒ်များ မရရှိခဲ့ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ် က ဝန်ခံခဲ့သည်။
၎င်းက "ဒါဟာ ရုရှားကိုဘယ်တော့မှ အထင်မသေးသင့်ဖူးဆိုတာ ပြသနေတာပါ။ရုရှားရဲ့ ကာကွယ်ရေးလုပ်ငန်း တွေဟာ အနေအထားတစ်ခုမှာရှိနေတာဖြစ်ပြီး သူတို့ရဲ့တပ်ဖွဲ့တွေကို ခဲယမ်းမီးကျည်တွေ၊ စွမ်းရည်အသစ်တွေနဲ့ ပြန်လည်ဖြည့်တင်းမှုတွေ လုပ်ပေးနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ဇွန်လကစတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများသည် ရုရှား၏ ရှေ့တန်းနေရာများကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့သည့်အပြင် ရလဒ်အနေဖြင့် ယူကရိန်းတပ်ဖွဲ့ဝင်(၁၀၃၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံက သိမ်းယူထားသော နယ်မြေစတုရန်းကီလိုမီတာ (၁)သိန်းကျော် အနက် စတုရန်းကီလိုမီတာ(၄ဝဝ)ခန့်ကိုသာ ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ပြင်သစ်သတင်းစာ Le Monde က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပသတင်းများအား ရွေးချယ်တင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ