MNDAA ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ကျူးကျော်တိုက်ခိုက်မည်ဟု ကြေညာမှုကြောင့် လောက်ကိုင်မြိုခံ (၈၀)ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာခဲ့ရ
မြူနစ် (NSS) - နိုဝင်ဘာ ၂၈
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့်ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ကျူးကျော်တိုက်ခိုက်မည်ဟု ကြေညာမှုကြောင့် လောက်ကိုင်မြို့ခံ (၈၀)ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
MNDAA၊ TNLA၊ AA မဟာမိတ် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို စတင်ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲဖော်ဆောင်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးကာလအတွင်း လောက်ကိုင်မြို့သို့ အလုပ်လာရောက်လုပ်ကိုင်သူအများစုအပါအဝင် မြို့ခံများသည် လားရှိုးမြို့ဘက်၌ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရန် ထွက်ခွာလာစဉ် လောက်ကိုင်မြို့အထွက် ဆယ်တန်ဂိတ်နှင့် ပါစင်ကျော်ကျေးရွာဂိတ်ကြားတွင် တိုက်ပွဲများကြောင့် ပိတ်မိမှုများ ရှိခဲ့သည်။
ထိုသို့ MNDAA ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားခဲ့ရာမှ ပြီးခဲ့သောရက်ပိုင်းအတွင်း ပြန်လည်ဖွင့်ပေးခဲ့သည့် အတွက် စစ်ဘေးရှောင်အများအပြားသည် UWSA အဖွဲ့ ထိန်းချုပ်ရာ “ဝ” ဒေသ၊ နမ့်တစ်မြို့သို့ ဖြတ်သန်းကာ နေရပ်အသီးသီးသို့ ပြန်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
MNDAA ပူးပေါင်းအဖွဲ့သည် ၎င်းတို့၏ (၁၀၂၇ စစ်ဆင်ရေး)မှာ လောက်ကိုင်မြို့သို့ ဦးတည်လာနေပြီဖြစ်ကြောင်း ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ကြေညာခဲ့ဖူးသည်။
ထိုသို့ကြေညာခဲ့ပြီးနောက်ပိုင်းတွင် လောက်ကိုင်မြို့ခံအများအပြားနှင့် အလုပ်လာရောက်လုပ်ကိုင်သူအများအပြားသည် နိုဝင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းမှစ၍ ကားများဖြင့်သော်လည်းကောင်း၊ လမ်းလျှောက်၍သော်လည်းကောင်း မြို့အား စွန့်ခွာထွက်လာနေသော ရုပ်သံဖိုင်သည် လူမှုကွန်ရက်၌ ပျံ့နှံခဲ့ဖူးသည်။
“MNDAA ဘက်က လူတွေက Tiktok မှာ ပြောတာရှိတယ်လေ။ လောက်ကိုင်ပြည်သူလူထုတွေ ရှောင်ပေးပါပေါ့။ နောက်ပြီးတော့ လောက်ကိုင်မှာက ကုန်ဈေးနှုန်းအရမ်းကြီးနေတာရယ်၊ ပစ်ခတ်တာတွေ ဖြစ်လာမှာကို ကြောက်တာလည်း ပါတာပေါ့။ အဲဒါကြောင့် မြို့ကနေ ရှောင်နေကြတာ။ လူကြီးရှိတဲ့အိမ်တွေ၊ ကလေးရှိတဲ့အိမ်တွေကတော့ ရှောင်ကြတာပေါ့။ ဒါပေမယ့်လည်း ကျန်ခဲ့တဲ့ မိသားစုတွေလည်း ရှိနေသေးတယ်။ ပြောရရင်တော့ (၈၀)ရာခိုင်နှုန်းလောက်က ရှောင်သွားကြပြီပေါ့” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် လောက်ကိုင်မြို့၌ ကုန်စုံဆိုင်အများစုသည် ပိတ်ထားကြောင်းသိရပြီး စက်သုံးဆီများလည်း ဝယ်ယူ၍ မရကြောင်း ၎င်းက ထပ်မံပြောသည်။
လောက်ကိုင်မြို့မှတစ်ဆင့် နေရပ်စွန့်စစ်ဘေးရှောင်လာသူများကို UWSA အဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ (နိုဝင်ဘာလ ၂၈ ရက်)တွင်လည်း စစ်ဘေးရှောင် (၃၆၀၀)ကျော်အား ကားအစီးရေ (၅၇)စီးဖြင့် ထပ်မံပို့ဆောင်ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယနေ့ နေ့လည်ပိုင်းတွင်လည်း လောက်ကိုင်မြို့နှင့်အနီးတစ်ဝိုက်၌ တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လောက်ကိုင်မြို့အတွင်း၌ ကျန်ရှိနေသော မြို့ခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်နှင့် တိုင်း(၃)ခုအတွင်းရှိ လယ်မြေ(၁၀)ဧကအထက်ပိုင်ဆိုင်သောတောင်သူများကို တစ်ဧကလျှင် ကျပ်(၄)သိန်းနှုန်း ထုတ်ချေးနိုင်ရေး စီစဥ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ