တိုက်ပွဲအတွင်းပျက်စီးသွားသည့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများမှနေအိမ်များအတွက် သွပ်နှင့်အလှူငွေများလှူဒါန်းမည်
ကျော် (NSS) - နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည့် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များအတွက် ပြန်လည်ထူထောင်နိုင်ရန် သွပ် နှင့် အလှူငွေများလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းမှုကို ကျောက်မဲမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်သင်းမှ ဦးဆောင်ပြုလုပ်လျက်ရှိကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
"လတ်တလော ကျွန်တော်တို့ရထားတဲ့စာရင်းအရဆိုရင် လှူဒါန်းပေးရမယ့် အိမ်ခြေအရေအတွက် ၂၀ လုံးလောက်ရှိပါတယ်။ အဲဒီ အိမ်ခြေ ၂၀ လောက်က ခေါက်ခက်ကျေးရွာ၊ လုံချိန်ကျေးရွာ နဲ့ နောင်ပစ်ကျေးရွာတွေကပါ၊ ဝင်ခွင့်မရသေးတဲ့ကျေးရွာတွေမှာလည်း ပျက်စီးနေတာတွေရှိသေးတယ်"ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလှူငွေလက်ခံရရှိထားမှုအပေါ်မူတည်၍ မနက်ဖြန် (နိုဝင်ဘာလ ၂၆ ရက်)တွင် ခေါက်ခက်ကျေးရွာရှိ နေအိမ် (၄)လုံးအား သွပ် နှင့် အလှူငွေများ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန် ခေါက်ခက်ကျေးရွာက ပျက်စီးနေတဲ့ နေအိမ်(၄)လုံးအတွက် တစ်အိမ်ကို(၇)ပေသွပ် အ ချပ်(၂၀)စီနဲ့အလှူငွေတွေ လှူဒါန်းပေးသွားမှာပါ။ ကူညီလှူဒါန်းပေးရမယ့် စာရင်းတွေကိုလည်းဆက်ပြီးလက်ခံသွားမှာပါ"ဟု ဦးဆောင်ပြုလုပ်လျက်ရှိသည့် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်ရောက်ရှိနေပြီး စစ်ဘေးရှောင်စခန်း ၇ ခုဖွင့်လှစ်ထားရကြောင်း သိရသည်။
"လတ်တလော နောင်ပိန်မှာကတော့ ပစ်ခတ်မှုတွေမရှိဘူး။ လတ်တလောအေးချမ်းနေပါတယ်။ စစ်ဘေးရှောင်တွေလည်း နောင်ပိန်မှာခိုလှုံနေကြတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
နောင်ပိန်ရှိ စစ်ဘေးရှောင်စခန်း(၇)ခုတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များ၏ စားသောက်ရေး၊ကျန်းမာရေးနှင့်အဝတ်အထည်လိုအပ်ချက်များအတွက် နောင်ပိန်အခြေစိုက်လူမှုကူညီရေးအသင်းများနှင့်အလှူရှင်များက ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လုပ်သား (၈ဝဝ)ကျော် အလုပ်အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၃)ခု ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ