ကျင်စန်းကျော့ဂိတ်အနီးရှိ 7-ဟွာကျင်းကားဝန်းကို TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်၊ ကုန်တင်ကားစီးရေ (၄၀)ခန့် မီးလောင်ပျက်စီး
NSS - နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်အနီးမှ 7-ဟွာကျင်းကားဝန်းကို TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်ကားစီးရေ(၄၀)ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက် ၁၀ နာရီခန့်က ကျင်စန်းကျော့ဂိတ်အနီးရှိ 7-ဟွာကျင်းကုမ္ပဏီပိုင် ကားဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရသည့် ကားဝန်းအတွင်း၌ ကုန်တင်ကားအစီးရေ (၄၀၀)နီးပါးခန့်ရှိပြီး TNLA ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပစ်တာက TNLA အဖွဲ့က ပစ်တာလို့ပြောတယ်။ အဲဒီကားကွင်းထဲမှာက တရုတ်ဘက်ကနေ မြန်မာပြည်ဘက်ကို သွင်းလာတဲ့ ကုန်ပစ္စည်းတွေ အများစုရှိတဲ့နေရာပေါ့။ ကားစီရေက ၃၀၀၊ ၄၀၀လောက်ကိုရှိတယ်။ စားသောက်ကုန်တွေနဲ့ ကျောပိုးအိတ်လို လူသုံးကုန်ပစ္စည်းတွေ တင်လာတဲ့ ကားတွေပေါ့” ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
၎င်းပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် 7-ဟွာကျင်းကုန်တင်ကားဝန်းအတွင်းရှိ ကုန်တင်ကား စီးရေ (၄၀)ခန့်နှင့် ကုန်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“ကျင်စန်းကျော့မှက ကားကွင်းက (၂)ကွင်းရှိတာပေါ့။ ခုဖြစ်တာက အပေါ်ဘက်ကကားကွင်းမှာဖြစ်တာပါ။ အောက်ဘက်ကွင်းမှာတော့ ဆီဘောက်ဆာတွေအများကြီးရှိတဲ့ကွင်းပေါ့။ တရုတ်ဘက်ကနေ လားရှိုး-ကွတ်ခိုင်-မူဆယ်ကို သွင်းခွင့်ရထားတဲ့ ဆီဘောက်ဆာတွေ အများကြီးရှိတဲ့ ကွင်းပေါ့။ အဲဒီကွင်းသာ မီးလောင်သွားရင်တော့ ကျင်စန်းကျော့ တစ်ရွာလုံးမီးလောင်သွားမှာ” ဟု ၎င်းကဆက်လက်ပြော သည်။
အဆိုပါ ကားဝန်းမီလောင်မှုဖြစ်စဉ်အား မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက (၁)နာရီကျော်ကြာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ကုန်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများ၌ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းအား တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းအတွင်း၌ ယနေ့(နိုဝင်ဘာလ ၂၃ ရက်)နံနက်ပိုင်းက လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုသည် TNLA နှင့် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း နစကဘက်က ယနေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
TNLA နှင့် ပူးပေါင်းအဖွဲ့သည် ကုန်စည်စီးဆင်းမှုရပ်တန့်စေရန် နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရပ်ကွက်များ၊ ကျောင်းများ၊ ဘာသာရေး အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ယမန်နေ့ နေ့လည် (၁)နာရီခန့်က မူဆယ်မြို့ရှိ (၁၀၅)မိုင် မိဘမဲ့ဘုန်းကြီကျောင်းအတွင်းသို့ TNLA အဖွဲ့က ပစ်ခတ်သော Drop Bomb ကျရောက် ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ