ဆိုက်ဘာကာကွယ်ရေးအကြီးအကဲနှင့် လက်ထောက်တို့ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ယူကရိန်းအစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - နိုဝင်ဘာ ၂၁
အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ပြီးနောက် ဆိုက်ဘာ ကာကွယ်ရေးတာဝန်ယူထားသော အစိုးရဌာနတစ်ခု၏ အကြီးအကဲနှင့် လက်ထောက်အကြီးအကဲကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ယူကရိန်းအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ရေးအကူအညီများ ကူညီပံ့ပိုးပေးနေသော အနောက်အုပ်စုနိုင်ငံများကို အာမခံချက်ပေးရန်အတွက် ယူကရိန်းသမ္မတဇီလန်စကီးသည် ဒါဇင်နှင့်ချီသော ယူကရိန်းအရာရှိများကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ အထူးဆက်သွယ်ရေးဝန်ဆောင်မှုဌာနအကြီးအကဲ Yury Shchygol နှင့် ၎င်း၏ လက်ထောက် Victor Zhora တို့ကို နိုဝင်ဘာလ(၂ဝ)ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူ Taras Melnychuk က ပြောကြားခဲ့သည်။
Taras Melnychuk သည် အဆိုပါထုတ်ပယ်မှုနှင့်ပတ်သက်ပြီး အကြောင်းအရင်းများကို ထုတ်ဖော်ပြောကြားခြင်း မျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း Yury Shchygol သည် ဆိုက်ဘာကာကွယ်ရေးအကြီးအကဲ အဖြစ် တာဝန်ယူချိန်အတွင်း အမေရိကန်ဒေါ်လာ(၁ ဒသမ ၇) သန်းကျော်တန်ဖိုးရှိ အစိုးရရန်ပုံငွေများ အလွဲသုံးစား လုပ်ခဲ့မှုကို စုံစမ်းစစ်ဆေးနေကြောင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအရာရှိများက နောက်ပိုင်းတွင် ပြော ကြားခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံ အထူးဆက်သွယ်ရေးဝန်ဆောင်မှုဌာန၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီအုပ်စု၏ ပိုင်ရှင်သည် ဟာ့ဒ်ဝဲ နှင့် ဆော့ဖ်ဝဲလ်ဝယ်ယူမှုအတွက် ခွဲဝေပေးထား သော ဘတ်ဂျက်ရန်ပုံငွေများကို အလွဲသုံးစားလုပ်ရန် ကြံစည်ခဲ့ကြောင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဗျူရို က ပြောကြားခဲ့သည်။
အဆိုပါကုမ္ပဏီအုပ်စုသည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၇) သန်းဖြင့် နိုင်ငံခြားထုတ်လုပ်သူတစ်ဦးထံမှ ဆော့ဖ်ဝဲလ်ကို ၎င်း၏ အမှန်တကယ်တန်ဖိုးထက်ပိုပေးကာ ဝယ်ယူခဲ့ပြီး ပိုနေသောပိုက်ဆံများကို ယူခဲ့ခြင်းဖြစ် ကြောင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဗျူရိုက ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူခြောက်ဦးကို သံသယရှိသူအဖြစ် စာရင်းသွင်းထားကြောင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဗျူရိုက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် ဥရောပသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများတွင် အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန်အတွက် အနောက်အုပ်စုနိုင်ငံများက သတ်မှတ်ထားသော ပြုပြင်ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်ထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ