မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ပေးသော အတ္တရံမြစ်ကူးတံတား မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျပျက်စီးခဲ့
မြူနစ် (NSS) - နိုဝင်ဘာ ၁၈
မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ပေးသော အတ္တရံမြစ်ကူးတံတား(ချောင်းနှစ်ခွ)သည် မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အတ္တရံတံတား(ချောင်းနှစ်ခွ)သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် တည်ရှိပြီး နိုဝင်ဘာလ ၁၆ ရက် ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
“တံတားအောက်ခြေဆုံကို မိုင်းကပ်ပြီး ခွဲသွားတာပေါ့။ တံတားကတော့ လုံးဝကျိုးကျသွားတယ်။ KNU ကပဲ လုပ်တာပေါ့။ ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် အဆက်အသွယ်ပြတ်သွားတဲ့ သဘောမျိုးပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
၎င်းအတ္တရံမြစ်ကူးတံတား(ချောင်းနှစ်ခွ)ကို KNU ပူးပေါင်းလက်နက်ကိုင်အဖွဲ့က မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ မိုင်းခွဲခံရမှုကြောင့် အတ္တရံမြစ်ကူးတံတားသည် ကျိုးကျပျက်စီးသွားခဲ့ပြီး လက်ရှိတွင် လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်နေကာ ဒေသခံပြည်သူများအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြားမှာရှိတဲ့ တံတားလို့လည်း ပြောလို့ရတာပေါ့။ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနဲ့ မွန်ပြည်နယ်ကို ဆက်တဲ့တံတားလေ။ အစိုးရအဖွဲ့တွေနဲ့ ဒေသခံတွေက အဲဒီတံတားကို အသုံးပြုတာများပါတယ်။ ဒေသဆိုင်ရာ ကုန်စည်စီးဆင်းမှုအပိုင်းမှာလည်း ထိခိုက်နိုင်တာပေါ့။ အခုတော့ အဆက်အသွယ်ပြတ်တောက်နေတာပေါ့”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ပြီးခဲ့သောကာလများအတွင်းကလည်း KNU၊ PDF ပူးပေါင်းအဖွဲ့များသည် ပဲခူးတိုင်း၊ ကျောက်ကြီး၊ နတ်သံကွင်းတကြောရှိ တံတားများကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်ဆေးဝါးထုတ်လုပ်ရန်အသုံးပြုမည့် ထိန်းချုပ်ဓာတုပစ္စည်းများကို (၁၂)ဘီးကားနှင့်အတူ ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း