ကယားပြည်နယ်မှစစ်ဘေးရှောင်များ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ဟု အသိပေး
ကျော် (NSS) - နိုဝင်ဘာ ၁၈
ကယားပြည်နယ်အတွင်း၌ ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကယားပြည်နယ်မှစစ်ဘေးရှောင်များအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကြောင်း PNLO ဗဟိုကော်မတီက အသိပေးထားသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်အား PNLO က ကယားပြည်နယ်မှ စစ်ပြေး၊ စစ်ရှောင်လာသူများနှင့်ပတ်သက်၍ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"PNLO က ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို PNLO ရဲ့အခြေပြုဒေသတွေမှာ လာရောက်ခိုလှုံနိုင်တယ်လို့ မနေ့(နိုဝင်ဘာလ ၁၇ ရက်)က ထုတ်ပြန်ခဲ့ပါတယ်။ လိုအပ်တာတွေကူညီပေးသွားမှာပါ"ဟု ဆီဆိုင်မြို့မှ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းက NSS ကို ပြောသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ နှင့်အနီးပတ်ဝန်းကျင်၌ နိုဝင်ဘာလ ၁၁ ရက်မှစတင်၍ တပ်မတော် နှင့် KNDF အပါအဝင်လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု အသိပေးထုတ်ပြန်ချက်၌ရေးသားထားသည်။
အဆိုပါ တိုက်ပွဲအတွင်း၌ မည်သည့်ဘက်ကမှပါဝင်ခြင်းမရှိသည့် အပြစ်မဲ့ပြည်သူများသည် ရှမ်း ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်လာကြသည်ဟုလည်း ရေးသားထားသည်။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်းသို့ရောက်ရှိလာသော ကယားပြည်နယ်မှစစ်ဘေးရှောင်များအား PNLO ၏အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကာ တတ်အားသရွှေ့ကူညီသွားမည်ဟု PNLO က အသိပေးထုတ်ပြန်ခဲ့သည်။
PNLO မှ NCA ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီမှုများပြုလုပ်ပေးနိုင်ရန် ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာန၊ ဌာနကြီးမှူး ဒု-ဗိုလ်မှူးကြီးခွန်အာဠာရ၊ ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဆရာခွန်ထွန်း၊ တောင်ကြီးမြို့၊ PNLO ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ဗိုလ်ကြီးခွန်တီးလားတို့ဦးဆောင်၍ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ကယားပြည်နယ်မှစစ်ဘေးရှောင်များအားကူညီပေးရန် PNLO မှဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပအိုဝ်းပြည်သူများကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအလေးထား၍ ရောက်ရှိလာသော စစ်ဘေးရှောင်များကို တတ်အားသရွေ့ဝိုင်းဝန်းကူညီပေးကြရန်လည်း PNLO ကတိုက်တွန်းခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တထောင်မြို့နယ်ရှိ ငါးလုပ်ငန်းကုမ္ပဏီတစ်ခုကို အမျိုးသား(၆)ဦးက ဓားများကိုင်ဆောင်ပြီး ဓားပြဝင်တိုက်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ