လွိုင်ကော်တက္ကသိုလ်၏ ဆရာ/မ၊ ဝန်ထမ်း နှင့် ကျောင်းသား/သူများကို အဓမ္မဖမ်းဆီးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုကြောင်း နစက ကြေညာချက်ထုတ်
မြူနစ် (NSS) - နိုဝင်ဘာ ၁၇
စစ်ရေးနှင့်မသက်ဆိုင်သော လွိုင်ကော်တက္ကသိုလ်၏ ဆရာ၊ ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်း သား၊ ကျောင်းသူများကို အဓမ္မဖမ်းဆီးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုကြောင်း နစကမှ ကြေညာချက်ထုတ်ပြန်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာလ ၁၇ ရက်) တွင် အထက်ပါကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
KNPP နှင့် PDF အဖွဲ့များသည် နိုဝင်ဘာလ ၁၃ရက်၊ ၁၄ ရက်တို့တွင် စစ်ရေးနှင့်မသက်ဆိုင်သော ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့များကိုလည်း သာလွန်အင်အားဖြင့် တိုက်ခိုက်စီးနင်းခဲ့သည်ဟု နစကမှ ဆို သည်။
ထိုသို့ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်စီးနင်းပြီးနောက် ပညာရေးဆိုင်ရာအဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း သိရသည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီကယ်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း KNPP နှင့် PDF အဖွဲ့များသည် ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြုကာ တိုက်ခိုက်ခဲ့သည့်အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများအနက် အချို့ကိုသာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူအချို့တို့သည် KNPP နှင့် PDF အဖွဲ့များ၏ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း =ကို ခံခဲ့ရကြောင်း နစကမှ အသိပေးထုတ်ဖော်ထားသည်။
ယခုကဲ့သို့ KNPP နှင့် PDF အဖွဲ့တို့၏ လုပ်ရပ်သည် ဂျီနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုလည်း ချိုးဖောက်ရာရောက်သည်ဟု နစကမှ တုံ့ပြန်ထားသည်။
ထို့ပြင် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်ခြင်းပင်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေသော လုပ်ရပ်သာဖြစ်သည်ဟု နစကမှ ဝေဖန်ထားသည်။
ထို့ကြောင် KNPP နှင့် PDF အဖွဲ့များအနေဖြင့် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ထားခြင်းမှ ထိခိုက်မှုမရှိစေဘဲ အမြန်ဆုံးပြန်လွှတ်ပေးသွားရန်လိုသည်ဟု နစကမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါဖြစ်စဉ်များကြောင့် နိုဝင်ဘာလ ၁၃ ရက်တွင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပမည့် အဝေးသင်စာမေးပွဲများကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် လွယ်ကူစေရန် အသုံးပြုမည့်ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေးပုံပေးနည်းများကို သိရှိစေရေးအတွက် ဆောင်ရွက်ရန်လို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း