ဟားမက်စ်အဖွဲ့၏ ဌာနချုပ်အဖြစ် စွပ်စွဲခံနေရသည့်ဆေးရုံကို အစ္စရေးတပ်ဖွဲ့များ စီးနင်း တိုက်ခိုက်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၅
အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ အကြီးမားဆုံး ဆေးရုံတစ်ခုဖြစ်သော Al Shifa ဆေးရုံကို စီးနင်းခဲ့ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကို လက်နက်ချအညံ့ခံရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
အစ္စရေးစစ်ဘက်က "ထောက်လှမ်းရေးအချက်အလက်များကိုအခြေခံပြီး လိုအပ်တဲ့စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်။ Al Shifa ဆေးရုံ ဝန်းကျင်ရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့ တယ်။ အဲဒီစစ်ဆင်ရေးအတွင်း အရပ်သားတွေကို ထိခိုက်နာကျင်မှုမဖြစ်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့တယ်" ဟု သတင်းထုတ်ပြန်ထားသည်။
အစ္စရေးစစ်ဘက်က အဆိုပါဆေးရုံအောက်တွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ အမိန့်ပေးစင်တာရှိနေကြောင်း၊ အဆိုပါအမိန့်ပေးစင်တာတွင် ပြန်ပေးဆွဲထားသူများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောသည်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကတော့ အစ္စရေးစစ်ဘက်၏ ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
အမေရိကန်အစိုးရကလည်း ၎င်းတို့ထောက်လှမ်းရေးအဖွဲ့များသည် အစ္စရေး၏ ထောက်လှမ်းမှုများကို ပံ့ပိုးကူညီ ပေးခဲ့ကြောင်း ပြောထားသည်။ အမေရိကန်အစိုးရအနေဖြင့် အဆိုပါဆေးရုံကို စီးနင်းတိုက်ခိုက်ရန် အစ္စရေးနိုင်ငံကို ခွင့်ပြုချက်ပေးခဲ့ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အဆိုပါဆေးရုံကို စီးနင်းတိုက်ခိုက်မှုများအတွက် အမေရိကန်သမ္မတ နှင့် အစ္စရေး အစိုးရတာဝန်ရှိသူများတွင် တာဝန်ရှိနေကြောင်း ဝေဖန်ပြစ်တင်ထားသည်။ အစ္စရေး နှင့် ဟားမက်စ် လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားနေသည့် တိုက်ပွဲသည် ရက်ပေါင်း ၄ဝ နီးပါးရှိလာပြီဖြစ်ရာ ဂါဇာဒေသကို တိုက်ခိုက်နေသည့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၁ဝဝဝ ကျော် သေဆုံးထားပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စောနယ်ဒါးဘိုမြ သမ္မတအဖြစ် တာဝန်ယူသော ကော်သူးလေအစိုးရတစ်ရပ် ဖွဲ့စည်းထူထောင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ