မူဆယ်မြို့တွင် နေအိမ်တစ်လုံး၌ အဘွားအိုတစ်ဦးတည်းရှိနေစဉ် လူ(၂)ဦးက ဓားပြဝင်တိုက်
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အဘွားအိုတစ်ဦးတည်းရှိနေစဉ် အမျိုးသား(၂)ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ လမ်းသွယ် ၈ နှင့် လမ်းသွယ် ၉ ကြားရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဖြစ်စဉ်က Crown (အဖြူရောင်) ကားနှင့် လူ(၂)ယောက်က အခင်းဖြစ်တဲ့အိမ်ကိုရောက်လာတယ်။ အိမ်ထဲမှာ တစ်ယောက်တည်းရှိနေတဲ့ အဖွားကို သေနတ်နဲ့ထောက်ပြီး ငွေတွေယူပြီးပြန်ထွက်သွားတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ဓားပြတိုက်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်ရှိ ငွေကြေးများလုယက်ယူဆောင်ခံခဲ့ရကြောင်း သိရသည်။
မူဆယ်မြို့တွင် အုပ်စုဖွဲ့ဓားပြတိုက်မှုများ တစ်လကျော်အတွင်း၌ (၁၀)ခုထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံများမှာလည်း စိုရိမ်ထိတ်လန့်နေကြကြောင်း သိရဿည်။
“Crown(အဖြူရောင်)ကားနဲ့ လူ(၃) (၄)ယောက်ပါမယ်။ အဲဒီလို လိုက်ပြီး ဓားပြတိုက်တဲ့အနေအထားပေါ့။ အဲဒီလို ဓားပြတိုက်နေတာ တစ်လကျော်လောက်ရှိပြီ။ ဓားပြတိုက်ခံရတာလဲ (၁၀)ခုကျော်လောက်ရှိမယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့၌ ဓားပြတိုက်မှုဖြစ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ နယ်မြေဒေသလုံခြုံရေးအတွက် အထူးကြပ်မတ်လုပ်ဆောင်ရန် လိုအပ်ကာ ဒေသခံများမှလည်း ပူးပေါင်းပါဝင်ပေးစေလိုသည်ဟု ဒေသခံတစ်ဦးက အကြံပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံး အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေးရန် ထပ်မံတိုက်တွန်း တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း