APEC ထိပ်သီးအစည်းအဝေးတွင် တရုတ်နှင့် အမေရိကန်ခေါင်းဆောင်တို့ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ ပြော
Pika (NSS) - နိုဝင်ဘာ ၁၄
လာမည့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင် နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့သည် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာအိုနင်က "နှစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်တွေဟာ တရုတ်-အမေရိကန်ဆက်ဆံရေးနဲ့ပတ်သက်တဲ့မဟာဗျူဟာမြောက်ဆွေးနွေးမှုတွေ၊ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အဓိကကိစ္စရပ်တွေအတွက် နက်ရှိုင်းတဲ့ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမှာပါ။ တရုတ် နိုင်ငံဟာ ယှဉ်ပြိုင်မှုတွေကို မကြောက်ပေမယ့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ပြိုင်ဆိုင်မှုအဖြစ် အဓိပ္ပါယ် ဖွင့်ဆိုတာမျိုးကိုတော့ ကျွန်မတို့ ဆန့်ကျင်ပါတယ်" ဟု ပြောခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့မှာ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေး ခေတ္တအနားယူချိန်အတွင်း လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
အမေရိကန်အစိုးရအဖွဲ့ပြန်ကြားရေးဝန်ကြီး Karine Jean-Pierre က "ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံဆိုင်ရာ၊ ဒေသဆိုင်ရာ နှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေအပြင် ပြိုင်ဆိုင်မှုတွေကိုလည်း တာဝန်သိစွာ စီမံခန့်ခွဲဖို့ နည်းလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
နိုဝင်ဘာလ(၁၅)ရက်တွင် စတင်ကျင်းပမည့် APECထိပ်သီးအစည်းအဝေးသည် အမေရိကန် နှင့် တရုတ်နိုင်ငံကြား အေးခဲသွားသော ဆက်ဆံရေးများကို ပြန်လည်တည်ငြိမ်စေရန် ရည်ရွယ်ထားသော်လည်း အခြားကြီးမားသော ရလဒ်များ ထွက်လာမည်ဟု မမျှော်လင့်သင့်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ၏ စိုးရိမ်မှုများနှင့် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးတို့ကို လေးစားလိုက်နာရန် မာအိုနင်က အမေရိကန်အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်း က "တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံကိုပြောင်းလဲဖို့ မကြိုးစားသလို အမေရိကန်နိုင်ငံဟာလည်း တရုတ်နိုင်ငံကိုပြောင်းလဲဖို့ ဒါမှမဟုတ် ပုံစံသွင်းဖို့ မကြိုးစားသင့်ပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TikTok အပ်ပ် အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း နီပေါအစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ