ထီးချိုင့်မြို့ပေါ်သို့ ဝင်ရောက်လာသည့် KIA ၊ PDF အဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်ပြီးဖြစ်ကြောင်း နစကပြောခွင့်ရဆို
မြူနစ် (NSS) - နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်သို့ ဝင်ရောက်လာသည့် KIA ၊ PDF အဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်ပြီးဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက ယမန်နေ့(နိုဝင်ဘာလ ၁၂ ရက်)ညပိုင်းတွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့က (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုနှင့်အတူ စစ်ကိုင်းတိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကိုလည်း KIA၊ PDF အဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်သိမ်းပိုက်နိုင်မှုရှိခဲ့ပြီး ထီးချိုင့်မြို့ကိုလည်း ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့သည်။
“ထီးချိုင့်မြို့ပေါ်တော့ တစ်ရက်တုန်းက ထီးချိုင့်မြို့ထဲအထိ KIA ၊ PDF တွေ ဝင်ရောက်လာတာရှိတယ်၊ ဒါတွေကို တပ်မတော်အနေနဲ့ ဒီနေ့မှာပြန်လည်တိုက်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့ဆီက အလောင်း၊ လက်နက်တော်တော်များများ ရလိုက်တာရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အလားတူ ယမန်နေ့တွင်လည်း ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံမြို့၌ MNDAA ဦးဆောင်သောအဖွဲ့နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
ကွမ်းလုံမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ရုပ်သံဖိုင်မှတ်တမ်းဖြင့် MNDAA ဘက်က အသိပေးထုတ်ပြန်မှုရှိခဲ့သည်။
သို့သော် MNDAA ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကွမ်းလုံမှာတော့ တပ်မတော်အနေနဲ့ စစ်ဗျူဟာအရ ဟပေးခဲ့တာတွေ ရှိပါတယ်။ အဆိုပါနေရာတွေကို MNDAA အဖွဲ့က ခိုးကြောင်ခိုးဝှက်လာပြီး ဓာတ်ပုံရိုက်တဲ့ ပုံစံမျိုးတော့ရှိပါတယ်”ဟု တုံ့ပြန်ထားသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ