ကယားပြည်နယ်၌ တပ်မတော်၏ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား
မြူနစ် (NSS) - နိုဝင်ဘာ ၁၂
ကယားပြည်နယ်၌ တပ်မတော်၏ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ညပိုင်းတွင် မီဒီယာများကို ပြောသည်။
အဆိုပါတိုက်ခိုက်ရေးလေယာဉ်သည် ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)၊ ညနေပိုင်းတွင် ကယားပြည်နယ်အတွင်း၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ညနေပိုင်းမှာ ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ ကျွန်တော်တို့ ဆက်သွယ်မှုရရှိပြီး ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
သို့သော် KNDF ဦးဆောင်သော ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များက တပ်မတော်၏ တိုက်လေယာဉ်တစ်စင်းကို ၎င်းတို့ဘက်က ပွိုင့်ဖိုက်ကျည်များဖြင့် တန်ပြန်ပစ်ခတ်ခဲ့ပြီး လေယာဉ်အတောင်ပံနှင့် ကိုယ်ထည်အား ထိမှန်ကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။
"အပြန်ခရီးမှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်တာ လူတွေကတော့ ဘာမှမဖြစ်ဘူး။ system မှာ eject ဆိုတာ ခုန်ထွက်လိုက်လို့ရတယ်လေ။ ခလုတ်နှိပ်လိုက်တာနဲ့ ဦးထုပ်နဲ့ မှန်ကိုခွဲပြီးတော့ထွက်လို့ရတယ်။ ဒီလိုလုပ်ဖြစ်ရင်လုပ်ဖို့ မှန်ကိုနဂိုကတည်းက အက်ကြောင်းပေးထားပြီးသား အရေးပေါ်ကျရင်ခုန်ထွက်ပြီးတော့ လေထီးနဲ့သူ့ဘာသာကျတယ်။ Fighter K8 အမျိုးအစား။ နှစ်ယောက်လုံးလွတ်ပါတယ်" ဟုတပ်မတော်လေမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ယမန်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်အနီးတစ်ဝိုက်၌ တပ်မတော် နှင့် KNDF ဦးဆောင်သော ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များကြားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
“ကယားပြည်နယ်မှာလည်း လွိုင်ကော်ကို မနေ့ကညကတည်းက (၃)နေရာကနေပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ ဒီနေ့ လွိုင်ကော်မှာရှိနေတဲ့ ကွပ်ကဲမှုဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မတော်စစ်ကြောင်းများရဲ့ ပြန်လည်တိုက်ခိုက်မှု ကြောင့် ဒီနေ့ညနေပိုင်းမှာ ပြန်ဆုတ်သွားပါတယ်” ဟု နစကပြောခွင့်ရက ထပ်မံပြောသည်။
ကယားပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို ကရင်နီတော်လှန်ရေးအဖွဲ့များဖြစ်သော KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊ မြို့ပြပျောက်ကျားတပ်နှင့် ရှမ်းတောင် PDF တို့သည် ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်၌ အိမ်စီးကား နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိမှုကြောင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း