ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှုသတင်းနှင့်အတူ ဆီဆိုင်များတွင် ကားများစွာ တန်းစီစောင့်ဆိုင်းမှုဖြစ်ပေါ်ခဲ့
မြူနစ် (NSS) - နိုဝင်ဘာ ၁၁
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှုသတင်းနှင့်အတူ ဆီဆိုင်များတွင် ကားများစွာ တန်းစီစောင့်ဆိုင်းမှုဖြစ်ပေါ်ခဲ့သည်။
ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညနေပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ အောက်တိန်း(၉၂)ဆီ ကုန်နေသည်ဟုဆိုကာ ရောင်းချပေးမှု မရှိခဲ့ကြောင်း သိရသည်။
သို့သော် ယနေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ပုံမှန်အတိုင်း ပြန်လည်ရောင်းချမှုများရှိခဲ့သော်လည်း ကားအများအပြား တန်းစီစောင့်ဆိုင်းဝယ်ယူမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“တစ်ချို့ဆိုင်တွေက ၉၂ မရှိတော့ဘူးဆိုပြီး ရောင်းမပေးဘူးပေါ့။ ဒါပေမယ့် တခြားဆိုင်တွေကြတော့လည်း ရောင်းပေးနေတာရှိပါတယ်။ မနက်က မြင်သာနဲ့ သုဝဏ္ဏနားက ဆီဆိုင်တွေကို ၉၅ ရှိလား မေးကြည့်တော့ ရှိတယ်ပြောတယ်။ နေ့လည်လောက်မှာ သွားထည့်တော့ မရှိတော့ဘူးဆိုပြီး ပြောတယ်။ တခြားဆီဆိုင်တွေကတော့ ရောင်းပေးတယ် ကားတော့ နည်းနည်းများတာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ကားအသုံးပြုသူတစ်ဦးက ပြောသည်။
ထိုသို့ ဆီပြတ်လပ်မှုသတင်းများ ထွက်ပေါ်မှုနှင့်အတူ ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူခဲ့ရမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“မင်းဓမ္မလမ်းထောင့်မှာရှိတဲ့ Terminal ဆီဆိုင်က အရင်ကဆို ကားရှင်းတယ်။ ဒီနေ့မနက်မှာတော့ အတော်လေးစောင့်လိုက်ရတယ်။ တစ်နာရီနီးပါးလောက် ကြာမယ်ထင်တယ်။ ကားတွေလည်း အတော်လေးများတယ်။ လမ်းတွေပါ ပိတ်ကုန်တယ်။ ဆီပြတ်တယ်ဆိုတဲ့ သတင်းလည်း ကြားတော့ စိတ်ပူတာပေါ့။ ဒါပေမယ့် ဆီတွေက ရှိပါတယ်။ သူတို့ ရသလောက် ရောင်းပေးနေတာ တွေ့ပါတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ပြတ်လပ်မှုဖြစ်ပေါ်နေသည်ဆိုသည့်သတင်းများ မကြာခဏဆိုသကဲ့သို့ ထွက်ပေါ်ခဲ့ဖူးသည်။
“ဆီဈေးကလည်း ကျနေတော့ သူတို့က မရောင်းနိုင်ဘူးဖြစ်နေတဲ့ သဘောပေါ့လို့ ထင်တယ်။ အဲဒါက တစ်ချက်ပေါ့။ နောက် ဆီက နိုင်ငံခြားက ဝယ်ရတာလည်း ခက်တယ်လို့ ကြားတယ်။ ခက်တော့ မလုံလောက်ဘူးထင်လို့ အခုလို့ ချွေတာရောင်းနေတဲ့သဘောလည်းလို့ ယူဆလို့ရတာပေါ့။ import လုပ်ရတာက ခက်ခက်ခဲခဲနဲ့ လုပ်နေရတယ်လို့ ကြားတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ထိုသို့ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှုသတင်းများနှင့်ပတ်သက်၍ နစကအနေဖြင့် လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 11 / 2:50 PM)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ