စစ်မြေပြင်တွင် ရုရှားစစ်တပ်ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၁ဝ
ရုရှားစစ်တပ်ကို ချေမှုန်းနိုင်မည့် နည်းလမ်းများမရှိကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က ပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများ၏ မျှော်လင့်ချက်များ လျော့ကျနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဒီမစ်ထရီပက်စကို့ဗ်က ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
ဒီမစ်ထရီပက်စကို့ဗ် က "ဒီအချိန်ဟာ ယူကရိန်းနဲ့ အမေရိကန်မှာရှိတဲ့ လူတိုင်း နားလည်မှုရှိသင့်တဲ့အချိန် ဖြစ်ပါတယ်။ စစ်မြေပြင်မှာ ရုရှားကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟု ပြောခဲ့သည်။
အနောက်အုပ်စုနိုင်ငံများသည် ပိုမိုအဆင့်မြင့်သော စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးခြင်းမျိုးမရှိပါက ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနှင့်ပဋိပက္ခတွင် အောင်မြင်မှုများကို ရယူနိုင်မည်မဟုတ်ကြောင်း ယူကရိန်း ထိပ်တန်းစစ်ဦးစီးချုပ် Valery Zaluzhny က ပြီးခဲ့သည့်သီတင်းပတ်တွင် ဝန်ခံပြောခဲ့သည်။
အမေရိကန်သည် ရုရှား နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် ယူကရိန်းကို တွန်းအားပေးနေ ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိ၏ ပြောကြားချက်ကို ကိုးကားပြီး NBC သတင်းဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများသည် ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်း တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဋိပက္ခအဆုံးသတ်ရန်အတွက် ယူကရိန်းဖက်မှ သဘောတူညီနိုင်မည့် အလားအလာများကိုလည်း ရှာဖွေနေကြောင်း NBC သတင်းဌာနက နိုဝင်ဘာလ(၄)ရက်တွင် ဖော်ပြခဲ့သည်။
သို့သော်လည်း ယူကရိန်း၏ ကျောထောက်နောက်ခံအနောက်အုပ်စုနိုင်ငံများသည် ရုရှားနှင့် ဆွေးနွေးပွဲများ လုပ်ဆောင်ရန် တွန်းအားပေးနေသည်ဆိုသည့်အချက်ကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ယူကရိန်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်ဇွန်လတွင် တန်ပြန်ထိုးစစ်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့သော်လည်း သိသာသော ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။ ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုအတွင်း တပ်ဖွဲ့ဝင်(၉)သောင်းကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်သည်ကို အာမခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ