YBS ဖြင့် အငှားယာဉ်မောင်းအား တိုက်ခဲ့မှုကြောင့် ခန္ဓာကိုယ်တစ်စစီဖြစ်ကာ သေဆုံးခဲ့မှုအတွက် ကျူးလွန်သူကို ပြစ်ဒဏ်ပေးရန် နှင့် အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များတောင်းဆို
Pearl (NSS) - နိုဝင်ဘာ ၇
ရန်ကုန်မြို့၌ YBS ကားဖြင့် အငှားယာဉ်မောင်းအား တိုက်ခဲ့မှုကြောင့် ခန္ဓာကိုယ်တစ်စစီဖြစ်ကာ သေဆုံးခဲ့မှုအတွက် ကျူးလွန်သူအား ပြစ်ဒဏ်ပေးရန် နှင့် အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များကတောင်းဆိုထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၃)ရက်၊ နံနက်ပိုင်းတွင် အင်းစိန်မြို့၊ စော်ဘွားကြီးကုန်းအနီးတွင် Taxi အား YBS ယာဉ်က နောက်မှတိုက်မိရာမှ ယာဉ်မောင်းချင်း စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စကားများရန်ဖြစ်ပြီး YBS ယာဥ်မောင်းက အငှားယာဉ်မောင်းဖြစ်သူ ဦးကျော်ကျော်လင်းကို ကားဖြင့်တိုက်ခဲ့သဖြင့် ဦးကျော်ကျော်လင်းသည် ဦးခေါင်း၊ ကိုယ်လက်အင်္ဂါများ နှင့် ခန္ဓာကိုယ်တို့ တစ်စစီဖြစ်ကာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ YBS 43 ယာဉ်လိုင်းပိုင်ကုမ္ပဏီဘက်မှ နာရေးကူညီမှုထောက်ပံ့ကြေး နှင့် အသက်အာမခံကြေးလျှောက်၍ မိသားစုထံ စာရွက်စာတမ်းဖြင့် လာရောက်ပေးမည်ဟု ပြောဆိုထားပြီး လက်ရှိတွင် အဆိုပါ ထောက်ပံ့ကြေးနှင့် အသက်အာမခံကြေး မရရှိသေးကြောင်း သိရသည်။
"အခုထိတော့ ယာဉ်မောင်းကို ဖမ်းမိတယ် မကြားသေးဘူး။ ကျွန်တော်တို့က အမှန်တရားကို သိချင်တာ။ ဘာကြောင့် ဒီလိုတိုက်တာလဲ။ အဓိကက အမှုမှန်ကိုပေါ်ပြီးတော့ ဖြစ်စဉ်အတိအကျကိုလိုချင်တာ။ ယာဉ်မောင်းကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးပေါ့နော်။ ပြီးတော့လည်း စုံစမ်းပေးကြပါ" ဟု ဦးကျော်ကျော်လင်း၏ အစ်ကိုအရင်းဖြစ်သူက NSS ကိုပြောသည်။
ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦလျင်ကျင့်မန်က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေကြောင်း NSS ကို ပြောသည်။
"၄၃ က YRTC အောက်က YBPC ရဲ့ ယာဉ်လိုင်းပါ။ သူတို့ YBPC က တာဝန်ရှိသူတွေက ကရုဏာကြေးတွေအတွက် သွားရောက်ဆောင်ရွက်ပေးတာရှိတယ်။ YRTC အနေနဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားတယ်။ အဲဒီက စုံစမ်းစစ်ဆေးတွေ့ရှိချက် ၊ အကြံပြုချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု တွဲဖက်အတွင်းရေးမှူး ဦလျင်ကျင့်မန်က ပြောသည်။
လက်ရှိတွင် YBS ၄၃ ယာဉ်မောင်းသည် ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး အမှုမှန်ပေါ်ပေါက်ရေးနှင့် ကျူးလွန်သူအား ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရေးအတွက် အငှားယာဉ်မောင်းမိသားစုဝင်များက တောင်းဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်နှင့်စစ်ပွဲပြီးဆုံးချိန်တွင် ဂါဇာဒေသ၏ လုံခြုံရေးကဏ္ဍအားလုံးကို အပြည့်အဝထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း