ဖိလစ်ပိုင်နိုင်ငံတွင် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Pika (NSS) - နိုဝင်ဘာ ၅
ဖိလစ်ပိုင်နိုင်ငံတွင် ရေဒီယိုအသံလွှင့်တင်ဆက်သူတစ်ဦးသည် ၎င်း၏စတူဒီယိုအတွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါအမှုသည် ဖိလစ်ပိုင်နိုင်ငံတွင်း သတင်းထောက်များ အသတ်ခံရသည့် ဖြစ်ရပ်တွင် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ အသက်(၅၇)နှစ်အရွယ် မစ္စတာ Juan Jumalon သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Mindanao ကျွန်းရှိ ၎င်း၏နေအိမ်အခြေစိုက် ရေဒီယိုအသံလွှင့်ဌာနတွင်ရှိနေစဉ် သေနတ်သမားတစ်ဦးက ၎င်း၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Misamis Occidental ပြည်နယ် Calamba မြူနီစီပယ် ရဲမှူးချုပ် Deore Ragonio က ပြောကြားခဲ့သည်။
အဆိုပါသေနတ်သမားသည် အွန်လိုင်းတွင် ကြေငြာချက်ထုတ်လိုသည့်ပုံစံဖြင့် စတူဒီယိုအတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေနတ်သမား သည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး Juan Jumalon သည် ဒေသဆိုင်ရာဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Juan Jumalon သည် သမ္မတဖာဒီနန်မားကို့စ် တာဝန်စယူခဲ့သည့် ၂ဝ၂၂ ခုနှစ် ဇွန်လတည်းက အသတ်ခံခဲ့ရသည့် သတင်းထောက်များထဲတွင် လေးယောက်မြောက်ဖြစ်ကြောင်းလည်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ် တွင် သတင်းထောက်များအတွက် အန္တရာယ်အရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Juan Jumalon သည် ၎င်း၏ Cebuano-language 94.7 Gold FM Calamba station တွင် DJ Johnny Walker ဆိုသည့်နာမည်ကို အသုံးပြုကြောင်းလည်းသိရသည်။ ရဲတပ်ဖွဲ့သည် အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရဲမှူးချုပ် Deore Ragonio က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 5 / 7:30 PM)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း