ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ကျိုက်ထိုမြို့နယ် နှင့် အုတ်တွင်းမြို့နယ်တို့၌ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တို့တွင် ငွေကျပ် (၄ ဒသမ ၄) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာလ ၃၀ ရက်၊ နံနက် ၁၀နာရီခွဲအချိန်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား (၈)သိန်းကျော် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီး၌ ပဲခူးမှ မြဝတီဘက်သို့ ကိုရဲမင်းအောင်မောင်းနှင်လာသည့် CHENG LONG TIPPER ကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၁သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၂) ရွာမရပ်ကွက်၊ မြို့စိုးလမ်းရှိ ကိုကျော်ဆွေပိုင်ဆိုင်သည့် မင်္ဂလာခန်းမ(၁)ကို ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ဒသမ ၇သိန်းနှင့် TOYOTA COROLLA AXIO ကားတစ်စီးတို့ ဆက်လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၎င်းဖမ်းဆီးရမိမှုတွင် စုစုပေါင်းငွေကျပ် ၄ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငယ်တန်းစာရေးရာထူး ၂၀ အတွက် အလုပ်ခေါ်ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း