ဝါကျွတ်ကာလ၌ ရန်ကုန်အိမ်ခြံမြေဈေးကွက် အေးနေ
NSS - နိုဝင်ဘာ ၁
ဝါကျွတ်ကာလသို့ ရောက်ရှိလာသော်လည်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ဆောက် လုပ်ရေးပစ္စည်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်အေးနေကြောင်း အကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရသည်။
ပုံမှန်အရောင်းဝယ်ရှိနေသည့် ဒဂုံမြို့သစ်လေးမြို့နယ်မှ အိမ်ခြံမြေဈေးများသည် ဩဂုတ်လကုန်ပိုင်းမှစပြီး အရောင်းအဝယ်အေးလာကာ လက်ရှိတွင် ဝယ်ရောင်းလုပ်ငန်းရှင်များပင် လုပ်ငန်းရပ်နားထားကြောင်း သိရသည်။
“တကယ်နေမယ့်သူဘဲ အဝယ်ရှိတယ်။ ရောင်းတဲ့သူဘက်က အမြတ်သိပ်မကျန်ဘူး။ ဒါပေမယ့် ဈေးကတော့ကျသွားတာမရှိဘူး။ မနှစ်ကဈေးနဲ့ယှဉ်ရင်နှစ်ဆလောက်တော့ မြင့်တက်နေတာဘဲ။ အရောင်းအဝယ်ဘဲအေးနေတာ"ဟု ဒဂုံအရှေ့မြို့နယ်မှ အကျိုးဆောင်တစ်ဦးကပြောသည်။
အိမ်ခြံမြေဆောက်လုပ်ပြီး ပြန်ရောင်းသည့်လုပ်ငန်းများသည့် လက်ရှိကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ ရပ်နားထားကြောင်းသိရသည်။
“အုတ်၊သဲ၊ကျောက်၊ဘိလပ်မြေ၊သံ အကုန်ဈေးတက်နေတာ အရင်ကထက် ဒီနှစ်က နှစ်ဆနီးပါး ဈေးတက်သွားတာ။ အရင်က ပွင့်လင်းရာသီဆို အိမ်သုံးလေးလုံးလောက် အပြိုင်ဆောက်တဲ့သူတွေတောင်တစ်လုံးဘဲ ဆောက်နိုင်တော့တယ်။ ဈေးကွက်ထဲမှာက အိမ်ကောင်းကောင်းပါရင် ရောင်းဖို့ ပိုလွယ်တယ်ဒီနှစ်မှာတော့ အိမ်ဆောက်တဲ့သူနည်းပြီး အရောင်းအဝယ်လဲအေးတယ်”ဟု ရွှေမင်းသား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်ကပြောသည်။
အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် အိမ်ခြံမြေဝယ်ယူနေထိုင်မှုထက် အငှားနေထိုင်သူများပြားလျက်ရှိရာ ဝါကျွတ်ကာလ ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်းသိရသည်။
အိမ်ခြံမြေဈေးကွက်အပြင် ကွန်ဒိုနှင့်အထပ်မြင့် တိုက်ခန်းများသည်လည်း ကြိုပွိုင့်အရောင်း အဝယ်များသာ ဈေးကွက်ကောင်းနေပြီး ဆောက်လုပ်ပြီးသည့် တိုက်ခန်းအိမ်ခန်းများ အရောင်းအဝယ်ပါးနေကြောင်းသိရသည်။
ဝါကျွတ်ကာလ ရန်ကုန်အိမ်ခြံမြေစျေးကွက်တွင် သိန်းငါးထောင်အောက် ပေါက်ဈေးရှိသော အိမ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ရန်ကုန်မြို့တွင် ဒဂုံမြို့သစ်လေးမြို့နယ်သည် အရောင်းအဝယ်အများဆုံးရှိနေပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မရမ်းကုန်းမြို့နယ်များသည် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သုခဒဂုံပြည်သူ့အငှားအိမ်ရာအခန်း မဲနှိုက်ခွင့်ရှိသူများစာရင်းကို မနက်ဖြန်တွင် ကြေညာပေးမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ