အမေရိကန်နိုင်ငံက ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကို ပိုမိုမြင့်တက်အောင်လှုံ့ဆော်ပေးနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဝေဖန်ပြောဆို
Pika (NSS) - အောက်တိုဘာ ၃၁
အမေရိကန်နိုင်ငံသည် ၎င်း၏ ကမ္ဘာတစ်ဝန်းဩဇာလွှမ်းမိုးမှုများကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် ပထဝီဝင် နိုင်ငံရေးတင်းမာမှုများ ပိုမိုမြင့်တက်အောင် လှုံ့ဆော်ပေးနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ဝေဖန်ပြောခဲ့သည်။
ထို့အပြင် အဓိကအင်အားကြီးနိုင်ငံများကြားတွင် ထိပ်တိုက်တွေ့ဆုံမှုအန္တရာယ်များ ရှိလာနိုင်ခြေနှင့်ပတ်သက်ပြီး ဆာဂေးရှိုဂူက သတိပေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။ အမေရိကန် နှင့် ၎င်း၏ အာရှ-ပစိဖိတ်ဒေသ မိတ်ဖက် နိုင်ငံများသည် ဒေသတွင်းတည်ငြိမ်းရေးကို ထိခိုက်စေကြောင်း ဆာဂေးရှိုဂူက ထပ်မံပြောခဲ့သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာလ(၂၉)ရက်က စတင်ကျင်းပခဲ့သော Xiangshan ဖိုရမ်တွင် ဆာဂေးရှိုဂူက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဆာဂေးရှိုဂူ က "အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ ပထဝီဝင်နိုင်ငံရေးနဲ့ မဟာဗျူဟာမြောက်လွှမ်းမိုးမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံတကာ လုံခြုံရေး နဲ့ တည်ငြိမ်ရေးတို့ကို ထိခိုက်အောင်လုပ်ဆောင်နေပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေဟာ နေတိုးအဖွဲ့ရဲ့အရှေ့ဖက်ကို ဆက်လက်ချဲ့ထွင်မှုတွေကနေတစ်ဆင့် ရုရှားကို ခြိမ်းခြောက်မှုတွေ လုပ်နေပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှား-ယူကရိန်းပဋိပက္ခကို ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေသလို အဓိက အင်အားကြီးနိုင်ငံတွေကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်အောင် ဖန်တီးနေတာပါ။ ဒါဟာ ဆိုးရွားတဲ့ အကျိုးဆက် တွေကိုပဲဖြစ်လာစေမှာပါ" ဟု ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အခြေအနေမှန်များကို ရောက်ရှိမည်ဆိုပါက ဆွေးနွေးပွဲများ လုပ်ဆောင် ရန် ရုရှားဖက်က အသင့်ရှိနေကြောင်း ဆာဂေးရှိုဂူက ပြောကြားခဲ့သည်။ ဆာဂေးရှိုဂူသည် တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်ကြီး Zhang Youxia နှင့် စကားပြောဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။
Zhang Youxia သည် သုံးရက်ကြာကျင်းပမည့် Xiangshan ဖိုရမ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသော လီရှန်ဖုကိုယ်စား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးလီရှန်ဖု ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရက အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြော ဆိုခဲ့ခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
အဆိုပါဖိုရမ်ကို ဒါဇင်နှင့်ချီသောနိုင်ငံများမှ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။ ထို့အပြင် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရန်၊ အစ္စရေး-ဟားမတ်ပဋိပက္ခကို ရပ်တန့်ရန်၊ ချက်ချင်းအပစ်အခတ်ရပ်စဲရန် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် Zhang Youxia က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ ကားအင်ဂျင်ထဲ ဝင်ခွေနေတဲ့ အရှည် ၂ မီတာရှိ စပါးအုံးမြွေကြီးကြောင့် အလုပ်များခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ