စစ်လေယာဉ်အစီးရေ(၁၃ဝ) ပါဝင်သော ကြီးမားသည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန် နှင့် တောင်ကိုရီးယားတို့ စတင်ပြုလုပ်
Pika (NSS) - အောက်တိုဘာ ၃ဝ
အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် အောက်တိုဘာလ(၃ဝ)ရက်တွင် စစ်လေယာဉ်အစီးပေါင်း (၁၃ဝ) ပါဝင်သော ကြီးမားသည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ Vigilant Defense ဟု ခေါ်သော နှစ်စဉ် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ F-35 ကိုယ်ပျောက်တိုက်လေယာဉ်အမျိုးအစားများ ပါဝင်ပြီး နိုဝင်ဘာလ(၃)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်က ပြောကြားခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် အဓိကလေကြောင်းမစ်ရှင်များဖြစ်သည့် လေကြောင်းမှ မြေပြင်သို့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ၊ လေကြောင်းစစ်ဆင်ရေးများကို ကာကွယ်ရန်၊ တုံ့ပြန်ရန် နှင့် အခြားအရေးပေါ် လေ့ကျင့်မှုများကိုပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
တောင်ကိုရီးယားစစ်တပ်က "ရန်သူတွေရဲ့ရန်စမှုတွေကို ချက်ချင်းတုံ့ပြန်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အသင့်အနေထားရှိနေတယ်ဆိုတာကို သေချာအောင် ကျွန်တော်တို့ ပြုလုပ်ထားပါတယ်" ဟု ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယား နှင့် ရုရှားနိုင်ငံကြား စစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာချိန်တွင် အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ကြီးမားသော လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ် သည်။ ရုရှားနိုင်ငံနှင့်ဆက်ဆံရေးများ တိုးမြှင့်ခြင်းမှာ မြောက်ကိုရီးယားနိုင်ငံ၏ အဓိကဦးစားပေးကိစ္စတစ်ခုဖြစ်ပြီး ဒေသတွင်းခြိမ်းခြောက်မှုများ ရှိလာမည်ဆိုပါက နှစ်နိုင်ငံကြားဆက်ဆံရေးကို အင်အားကြီးမားသော မဟာဗျူဟာ မြောက်အစီအစဉ်တစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အောက်တိုဘာလ(၂၈)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော် တိုက်ခိုက်မှုများပြုလုပ်ရန် နှင့် ရန်စမှုများပြုလုပ်ရန် အစမ်းလေ့ကျင့်မှုအဖြစ် ရှုမြင်ထားပြီး ပြစ်တင်ရှုတ်ချမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ