အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရထားနှစ်စင်းတိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁ဝ)ဦး သေဆုံး
Pika (NSS) - အောက်တိုဘာ ၃ဝ
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းတွင် အောက်တိုဘာလ(၂၉)ရက်က ရထားနှစ်စီးတိုက်မိခဲ့ပြီးနောက် အနည်းဆုံးလူ (၁ဝ)ဦး သေဆုံးကာ အခြားလူ(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Andhra Pradesh ပြည်နယ် Visakhapatnam မြို့မှ အိုဒီရှာပြည်နယ် Rayagada မြို့သို့ ထွက်ခွာလာသော ရထားသည် Andhra Pradesh ပြည်နယ် Vizianagaram ခရိုင်တွင် တစ်ဖက်မှလာသော ရထားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်းမီးရထားအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါတိုက်မိမှုအတွင်း လူပေါင်း(၉ဝ)ကျော် တင်လာသော ရထားတွဲနှစ်တွဲ လမ်းချော်သွားခဲ့ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ အချက်ပြစနစ်အားနည်းမှုများကြောင့် ရထားနှစ်စင်းတိုက်မိခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယမီးရထားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် အဆိုပါရထားနှစ်စင်းတိုက်မိမှုသည် စက်ပစ္စည်းချို့ယွင်းမှုကြောင့်မဟုတ်ဘဲ လူသားအမှားကြောင့်သာ ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနက ပြောခဲ့သည်။ အိုဒီရှာပြည်နယ်တွင် ရထားသုံးစင်းတိုက်မိကာ အနည်းဆုံး လူ(၂၇၅)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁)ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မတော်တဆမှုတစ်ခုဖြစ်ပွားပြီး နောက် လေးလအကြာတွင် ယခုကဲ့သို့ တိုက်မိမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ အားလုံးကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း မီးရထားဝန်ကြီး Ashwini Vaishnaw က ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက "ကျွန်တော် အဲဒီရထားတိုက်မှုနဲ့ပတ်သက်ပြီး မီးရထားဝန်ကြီး Ashwini Vaishnaw နဲ့ စကားပြောခဲ့ပါတယ်။ အာဏာပိုင်တွေဟာ မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို အားလုံးကို တတ်နိုင်သမျှ ဆက်လက်ကူညီပေးနေပါတယ်။ သေဆုံးသူတွေရဲ့မိသားစုတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း အမြန်ဆုံးပြန်ကောင်းပါလာစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်လေယာဉ်အစီးရေ(၁၃ဝ) ပါဝင်သော ကြီးမားသည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန် နှင့် တောင်ကိုရီးယားတို့ စတင်ပြုလုပ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း