မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းကို ကားတစ်စီး အရှိန်လွန်ဝင်တိုက်မိခဲ့ရာ ကားမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့
သန့်ဇင် (NSS) - အောက်တိုဘာ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ဈေးကြိုအဝိုင်းကို ကားတစ်စီး အရှိန်လွန်ဝင်တိုက်မိရာမှ ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်)၊ ည ၁၁နာရီ ၄၅မိနစ်အချိန်တွင် မော်လမြိုင်မြို့အထွက်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းရှိ ဈေးကြိုအဝိုင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ကားက မြို့ရှောင်လမ်းဘက်ကနေမောင်းလာပြီးတော့။ ဈေးကြိုအဝိုင်းလဲရောက်ရော မကွေ့တော့ပဲနဲ့ အဝိုင်းကို တည့်ဝင်တိုက်မိတာပေါ့။ အဲဒီအချိန်မှာပဲ ကားကမီးထလောင်တာ။ လူနာကိုတော့ ကားမီးလောင်နေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကလူတွေက အောက်ကိုဆွဲချပေးခဲ့တာပါ”ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မော်လမြိုင်မြို့၊ တောင်ပေါ်တန်းရပ်ကွက်နေ အသက်(၃၆)နှစ်အရွယ် ကိုဟန်စုသည် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်းမောင်းနှင်လာသည့် HONDA INSIGHT ကား၏ အင်ဂျင်ခန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက သူတစ်ယောက်ပဲပါတာဗျ။ လူနာက ကားတိုက်ကတည်းက မလှုပ်တော့တဲ့အတွက် ဆေးရုံကိုပို့လိုက်တဲ့အချိန် ဆေးရုံးရောက်ခါနီးမှာပဲဆုံးသွားတာပါ။ ကားမီးလောင် တာကိုတော့ (၃)မိနစ်လောက်ပဲ မီးငြှိမ်းသတ်ခဲ့ရတာပါ။ အခြားထိခိုက်တာတွေတော့ မရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ည ၈နာရီ ၂၀မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း ရွှေလမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ်တို့တိုက်မှုဖြစ်ပွားခဲ့ရာမှ ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်စီးလာတဲ့လူတွေက အရက်သောက်ပြီး ပြန်လာကြတာ။ အဲဒီလမ်းပေါ်ရောက်တော့ ကားနဲ့တိုက်မိသွားတာပေါ့။ ဆိုင်ကယ်ပေါ်က တစ်ဦးက ပွဲချင်းပြီး သေတယ်ဗျ။ သက်ဆိုင်ရာစစ်ဆေးချက်တွေအရတော့ ကားကြိတ်မိတာလို့ပြောတယ်။ တစ်ဦးကတော့ မစိုးရိမ်ရပါဘူး” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်မှ အသက်(၃၀)နှစ်အရွယ်အမျိုးသားသည် ကားကြိတ်ခံရသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ကျန်အသက်(၂၀)အရွယ်အမျိုးသားသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သီတင်းကျွတ်လပြည့်နေ့၌ လာရောက်ဖူးမြော်သူ (၇)သောင်းနီးပါးရှိဟု နစကထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း