မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလောင်းကစား နှင့် လိမ်လည်မှုများကို ယခုနှစ်ကုန်တွင် အမြစ်ပြတ်ချေမှုန်းမည်ဟု နစက သတိပေး
မျိုးကြီး (NSS) - အောက်တိုဘာ ၃၀
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလောင်းကစား နှင့် လိမ်လည်မှုများကို ယခု ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် အမြစ်ပြတ်ချေမှုန်းရန် သန္နိဋ္ဌာန်ချထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံ Phoenix New Media ၏ တွေ့ဆုံမေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းလောင်းကစား နှင့် လိမ်လည်မှုများသည် မြန်မာနိုင်ငံက တရုတ်ပြည်သူများကို လိမ်လည်ခြင်းမဟုတ်သကဲ့သို့ တရုတ်နိုင်ငံကလည်း မြန်မာပြည်သူများအား လိမ်လည်ခြင်းမဟုတ်ကြောင်း နစကပြောခွင့်ရက ပြောသည်။
အဆိုပါ အွန်လိုင်းလောင်းကစား နှင့် လိမ်လည်မှုများကို ရာဇဝတ်မှုကျူးလွန်ထားသော ပြည်ပြေးလူလိမ်တစ်စု နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် လာရောက်ချိန်မှာ ဒီနှစ်အကုန် အမြစ်ပြတ်ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၁-၂၀၂၂ နှစ်အကူးတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ အွန်လိုင်းလောင်းကစားများကို စတင်လုပ်ဆောင်ခဲ့ကြောင်းသိရပြီး မြန်မာအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်မှစ၍ ခြေရာခံဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးရမိခဲ့တာတော့ တစ်ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
မြန်မာ့မြေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ငန်းမျိုး၊ အဖျက်အမှောင့်လုပ်ငန်းမျိုး၊ လိမ်လည်လောင်းကစားမှုမျိုးကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမည်ဟု နစကမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းကို ကားတစ်စီး အရှိန်လွန်ဝင်တိုက်မိခဲ့ရာ ကားမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း