ဦးစိန်ဝင်း ထူထောင်သော NUDP ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပါတီနှင့်ပူးပေါင်းပြီး ပြည်ထောင်စုအဆင့်ပါတီအဖြစ် ရပ်တည်မည်
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၈
ဦးစိန်ဝင်း ထူထောင်ခဲ့သော NUDP ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပါတီနှင့်ပူးပေါင်းပြီး ပြည်ထောင်စုအဆင့်ပါတီအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(NUDP)ဥက္ကဋ္ဌဦးစိန်ဝင်းတို့က ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)၊ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ယုဇနတာဝါရှိ ပြည်သူ့ပါတီဗဟိုဌာန ချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
NUDP ပါတီသည် တောင်သူလယ်သမားအရေး၊ မြေယာပြဿနာများနှင့်ပတ်သက်၍ အဓိက ဖြေရှင်းဆောင်ရွက်ပေးလေ့ရှိသည့် ပါတီအဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်သည်။
“ဆရာဦးစိန်ဝင်းတို့ ပါတီကိုယ်၌ကလည်း ဒီလိုနိုင်ငံရေးအကြပ်အတည်းမှာ နိုင်ငံရေးပါတီချင်းပူးပေါင်းပြီး ဆောင်ရွက်တာက ပြည်ထောင်စုအဆင့် ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အ တွက်ကြောင့် သူတို့ပင်ပန်းကြီးစွာတည်ထောင်ဖွဲ့စည်းထားတဲ့ ပါတီကို သူတို့တော်တော်ကိုဆုံးဖြတ်ပြီးတော့မှ ဖျက်သိမ်းပြီး ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့လည်း လှိုက် လှိုက်လှဲလှဲကြိုဆိုဂုဏ်ပြုပြီးတော့ ဆရာဦးစိန်ဝင်းတို့နဲ့ပူးပေါင်းပြီးတော့ မကြာခင်ဖြစ်ပေါ်လာမယ့် ပြည်သူ့ပါတီအသစ်မှာ တစ်သားတည်း ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့အတွက် ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေးမှာပါ အားလုံးစုံညီသဘောတူဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက မီဒီယာများကို ပြောသည်။
ပြည်သူ့ပါတီအသစ်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ရက်ပေါင်း(၆ဝ)အတွင်း ပြန်လည်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ပါတီအသစ်အနေဖြင့် ကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးပါက ပါတီ၏ CEC အဖွဲ့ကိုလည်း စနစ်တကျ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
“ပါတီမှတ်ပုံတင်ကျသွားပြီဆိုတဲ့ အခါကြမှ CEC ကိုစနစ်တကျဖွဲ့စည်းမှာ ဖြစ်ပါတယ်။ နောက်တစ်ခု အင်မတန်ဝမ်းမြောက်စရာကောင်းတာက ပေါင်းစည်းကတည်းက နေရာကိစ္စမပြောပါဘူး။ အဲဒါဟာ ကျွန်တော်တို့ နိုင်ငံရေးသမိုင်းမှာ အင်မတန်ထူးခြားတဲ့ကိစ္စပါ။ အလုပ်လုပ်ချင်လို့ ပေါင်းတာ။ ကျွန်တော်တို့ကလည်း အလုပ်လုပ်ချင်တဲ့ သူတွေနဲ့ တွဲလုပ်ချင်လို့ သဘောတူလက်ခံတာ။ ကျွန်တော်တို့ကိုယ်တိုင် ဘယ်သူကတော့ ဘယ်ရာထူးပဲဆိုတာ အသေချည်နှောင်ထားတာ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြော သည်။
ပါတီနှစ်ခုပေါင်းစည်းသည့် ရည်ရွယ်ချက်သည် ပြည်သူ့ပါတီ အင်အားကြီးထွားရေးအတွက် ပူးပေါင်းခြင်းသာဖြစ်ကြောင်း NUDP ပါတီဥက္ကဋ္ဌဦးစိန်ဝင်းကလည်း ထည့်သွင်းရှင်းလင်းခဲ့သည်။
“ပါတီနှစ်ခုပေါင်းတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် ပြည်သူ့ပါတီ အင်အားကြီးထွားသွားဖို့ ကျွန်တော်တို့ ပေါင်းတာ။ အဲဒီတော့ ဒီအင်အားကြီးထွားဖို့အတွက် လက်ရှိရဲ့ပေါင်းတဲ့အလွယ်ကူဆုံးနည်းက ဘာလဲ။ အလွယ်ကူဆုံးနည်းသည် လက်ရှိပကတိအခြေအနေပေါ်မှာ လိုက်လျောညီထွေပေါင်းသွားဖို့လိုတယ်” ဟု ဦးစိန်ဝင်းက ဆိုသည်။
ပြည်သူ့ပါတီအား ပြည်သူလူထုတစ်ရပ်လုံး၏ လက်ဝယ်သို့ အပ်ကြောင်းနှင့် အားနည်းချက်၊ ချို့ယွင်းချက်များရှိပါကလည်း ဝေဖန်ထောက်ပြနိုင်ကြောင်း ဦးကိုကိုကြီးက ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကြာခင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့်သူဦးရေ (၁၈ဝဝဝဝ) နီးပါးရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ